Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ကရင်နီ မြေယာနဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာ အခွင့်အရေးတွေ မြှင့်တက်ကာကွယ်ရန် ချဉ်းကပ်ခြင်း အစီရင်ခံစာ ထုတ်ပြန်

လက်ရှိတော်လှန်ရေးနဲ့အတူ ကရင်နီဌာနေတိုင်းရင်းသားတွေရဲ့ မြေယာနဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာ အခွင့်အရေးတွေကို မြှင့်တက်ကာကွယ်ရန် ချဉ်းကပ်မှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာမိတ်ဆက်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကယားပြည် လူ့အခွင့်အရေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ယက် (KEAN) က ရေးသားပြုစုခဲ့တဲ့ အဆိုပါ အစီရင်ခံစာ မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။

ကရင်နီဌာနေ တိုင်းရင်းသားတွေရဲ့ မြေယာနဲ့ အရင်းအမြစ် စီမံခန့်ခွဲမှု အခြေအနေ၊ မြေယာအရောင်းအဝယ်တွေ တိုးချဲ့လာခြင်းနဲ့ ကရင်နီလူမျိုးတွေအပေါ် သက်ရောက်မှု ရှိတဲ့ မြေယာနဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ အဓိက တွေ့ရှိချက်တွေကို ရေးသားပြုစုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အစီရင်ခံစာမှာ ကရင်နီပြည်နယ်ရှိ မြေယာအုပ်ချုပ်မှု ယန္တရားတိုးတက်ကောင်းမွန်စေရန် ချဉ်းကပ်မှု ၃ ခုကို တင်ပြထားပြီး 5Rs မူဘောင်၊ ကရင်နီကြားကာလ မြေယာမူဝါဒနဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ မြေယာ၊ အရင်းအမြစ်တွေနဲ့ နယ်မြေဆိုင်ရာ အခွင့်အရေးတွေကို မြှင့်တင်ရန် နိုင်ငံတကာ ယန္တရားတွေကို ချဉ်းကပ်ရန်တို့ ဖြစ်ပါတယ်။

အဆိုပါ ချဉ်းကပ်မှုတွေကို အခြေခံပြီး ဦးစားပေး ပြသနာတွေကို ဖြေရှင်းရန်နဲ့ ရေရှည်စီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ ယန္တရားတွေကို တီထွင်အကောင်အထည်ဖော်ရန်လည်း အဆိုပြုထားတယ်လို့ သိရပါတယ်။

ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားတို့ရဲ့ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ စနစ်တကျ လုပ်ဆောင်နိုင်ရန်နဲ့ ၎င်းတို့ရဲ့ အခွင့်အရေးကာကွယ်မြှင့်တင်ဆောင်ရွက်ရန် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်ရှိ ဒေသခံ လူထုနဲ့ ဌာနေတိုင်းရင်းသားတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေထံသို့ အကြံပြုတိုက်တွန်းချက်တွေလည်း အစီရင်ခံစာထဲ ပါဝင်ပါတယ်။

အစီရင်ခံစာဟာ စစ်အာဏာသိမ်းမှု မတိုင်မီနဲ့ အာဏာသိမ်အပြီး ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားတို့ရဲ့ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ သုတေသနနဲ့ စစ်တမ်းတွေ့ရှိချက်တွေအပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ ဒေသခံပြည်သူတွေနဲ့ ကရင်နီမျိုးနွယ်စုတွေ စီမံခန့်ခွဲ ပိုင်ဆိုင်တဲ့ မြေပေါ်မှာ ဒေသတွင်းမှာ စစ်ဘေးရှောင်တွေနဲ့ ပြင်ပမှ စစ်ဘေးရှောင်တွေကို မြေနဲ့ အရင်းအမြစ်တွေ မျှဝေသုံးစွဲနိုင်ရေးအတွက် ခွင့်ပြုထားခဲ့ရာမှာ တော်လှန်ရေးအချိန် ကြာမြင့်လာခြင်းနဲ့အတူ ဒေသခံလူထုမှာ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ လူမှုစီးပွားဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့လာရတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးတမ်းမြေနဲ့ အရင်းအမြစ် စီမံခန့်ခွဲမှုတွေအပေါ်မှာလည်း ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှု များစွာ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ မြေယာပြောင်းလဲအသုံးပြုခြင်း ဖြစ်ရပ်တွေဟာ ကရင်နီပြည်အနှံ့ ကျယ်ပြန်စွာ ဖြစ်ပေါ်လျက် ရှိတယ်လို့ သိရပါတယ်။

အောက်ခြေမှ အထက်သို့ ချဉ်းကပ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မှု ဖြစ်စဉ်နဲ့အတူ ဖက်ဒရယ်မြေနဲ့ အရင်းအမြစ် အုပ်ချုပ်စီမံမှု စနစ်တစ်ရပ် ပေါ်ထွန်းလာနိုင်ရန် ကရင်နီပြည်ရဲ့ မြေနဲ့ အရင်းအမြစ်ဆိုင်ရာ စီမံအုပ်ချုပ်မှု အခြေအနေမှ ချဉ်းကပ်ပြီး ဖော်ထုတ်နိုင်ရန်လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး