Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြစ်ဆုံစီမံကိန်းဟာ ‘လုံးဝ’ မလုပ်သင့်တဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ကြေညာ

အာဏာသိမ်းစစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီတို့ ပြန်လည်လုပ်ကိုင်ရန် စတင်ပြင်ဆင်နေတဲ့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးစီမံကိန်းဟာ ‘လုံးဝ’ မလုပ်သင့်တဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာဘူမိသိပ္ပံပညာရှင်များ (Myanmar Geoscientists) က ထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာနဲ့ ကမ္ဘာအရပ်ရပ်မှာ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ မြန်မာပညာရှင်တွေက ဇန်နဝါရီလ ၁၆ ရက်မှာ အချက် ၈ ချက်ပါ သဘောထား ထုတ်ပြန်ချက်ကို ကြေညာခြင်းဖြစ်ပါတယ်။

မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာဘူမိသိပ္ပံပညာရှင်တွေရဲ့ သဘောထားမှာ ပညာရပ်ဆိုင်ရာ အခြေခံတဲ့ အချက်အလက်တွေအရ “မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံးဝမသင့်တော်ကြောင်း” အကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။

မြစ်ဆုံဒေသဟာ ငလျင်ဇုန်တိုင်းတာမှု ဇယားအရ အန္တရာယ်ကြီးမားတဲ့ “ပြင်းထန် ငလျင်ဇုန်” ထဲ ရှိနေခြင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ ၂၀၂၅ မတ်လ ၇.၇. ရစ်ချတာစကေး ငလျင်ကြီးကို ဖြစ်ပေါ်စေတဲ့ စစ်ကိုင်းပြတ်ရွှေ့ကြီးနဲ့ အလွန်နီးကပ်နေခြင်း၊ မြစ်ဆုံနေရာမှာ ကြီးမာတဲ့ ရေကာတာ ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအား ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခ မြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီး၊ စီပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရွှေနဲ့ မြေရှား သတ္တုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့် ဒေသလည်းဖြစ်ပြီး မြစ်ဆုံဒေသမှာ မိုးသည်းထန်ခြင်း၊ မတ်စောင်တဲ့ တောင်တန်းတွေ ရှိခြင်းနဲ့ မတည်ငြိမ်တဲ့ ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီး ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အဓိက မြစ်ကြီးတစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ် မှီခိုနေရတဲ့ မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုက်နက် ပျက်စီးမယ်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက်နိုင်တယ်လို့ သိရပါတယ်။

မြစ်ဆုံကဲ့သို့ ကြီးမားတဲ့ ဆည်းကြီးတွေ ဆောက်လုပ်ပါက အထက်ဖော်ပြပါ ဘူမိဗေဒအချက်အလက်တွေ၊ နည်းပညာဆိုင်ရာ အချက်အလက်တွေအရ ဖွံ့ဖြိုးပြီး နိုင်ငံတွေ အပါအဝင် မမျှော်လင့်တဲ့ ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မြန်မာဘူမိသိပ္ပံပညာရှင်တွေ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၅၄ မှ ၂၀၂၃ ခုနှစ်အတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီးခဲ့ပြီး ထိုအထဲမှာ Banqiao ရေကာတာ ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း သေဆုံးခဲ့တယ်လို့ မြန်မာဘူမိသိပ္ပံပညာရှင်တွေ တရုတ်နိုင်ငံရဲ့ ဖြစ်စဉ်ကိုလည်း သာဓက ပြုကာ ထုတ်ပြန်ထားပါတယ်။

မြစ်ဆုံဒေသဟာ ဒေသခံတိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်တွေ ဖြစ်တဲ့အပြင် အမိဧရာဝတီကြီးရဲ့ မြစ်ဖျားခံရာ နေရာလည်းဖြစ်တဲ့အတွက် ဘယ်အရာနဲ့မျှ တန်ဖိုး မဖြတ်နိုင်ဘူးလို့ ဆိုပါတယ်။

“မြစ်ဆုံဒေသ”ကို ကြားကာလရဲ့ သဘာဝနဲ့ ယဉ်ကျေးမှု ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ၊ မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ကိုင်ပါက ပြည်တွင်းဥပဒေအပြင် နိုင်ငံတကာဥပဒေနဲ့ပါ အရေးယူမယ်လို့ ဇန်နဝါရီလ ၁၀ ရက်မှာ NUG အစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) က ကြေညာပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတဝန်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ပြန်လည်စတင်ဖို့ မကြာခဏ ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလက ကချင်ခရီးစဉ်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်တော့မယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး