Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မေခမြစ်စိုးမိုးရေးစီမံကိန်း ဖော်ဆောင်နေတယ်လို့ KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ပြော

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ရန် အဆင်သင့် လုပ်ထားခဲ့ပေမယ့် မေခမြစ်စိုးမိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့အတွက် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဦးစွာ လုပ်ဆောင် လိုက်ရတယ်လို့ KIO/ KIA ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ် ပြည်နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်က ကျင်းပရာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အွန်လိုင်းမှတဆင့် မိန့်ခွန်ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“အခုဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို ကျနော်တို့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျနော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျနော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်။ ဗန်းမော်ကို တက်တယ်။ ၁ နှစ်ကျော်သွားပြီ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ်။ အရင်းအနှီးများမယ်ဆိုတာ ကျနော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ လိုအပ်လို့ တိုက်တဲ့ တိုက်ပွဲမှာ အရင်းအနှီးတွေ အများကြီးပေးရပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

၂၀၂၆ နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံအဆင့်မြင့် အရာရှိတွေနဲ့ KIO အကြား တွေ့ဆုံတွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ်အဆင့်မြင့် အရာရှိကြီး တစ်ဦးက တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရှိနေတဲ့ အရင်းအမြစ်နဲ့ အခုစစ်ကောင်စီကို နိုင်မယ်လို့ ထင်သလားလို့ မေးမြန်းမှုကို တရုတ်နဲ့ ထိုင်ဝမ်နမူနာပေးပြီး ဖြေခဲ့တယ်လို့ သိရပါတယ်။

“တရုတ်နိုင်ငံက အဆင့်မြင့်အရာရှိကြီး တယောက်က ကျနော်တို့ကို အစည်းအဝေးမှာ မေးတယ်။ခင်ဗျားတို့ ရှိနေတဲ့ အရင်းအမြစ်နဲ့ အခု စစ်ကောင်စီကို နိုင်မယ်လို့ ခင်ဗျားတို့ ထင်သလားလို့ မေးတယ်။ အဲဒီတော့ ကျနော်က သူ့ကို ပြောတယ်။ အရင်တုန်းက တရုတ်နိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အမေရိကန်နဲ့ ရုရှားကူညီတဲ့ ဘက်က နောက်ဆုံး ထိုင်ဝမ်ကို ထွက်ပြေးပြီး ခင်ဗျားတို့ ဘယ်သူမှ မကူညီတဲ့လူတွေက နိုင်ခဲ့တာပဲ မဟုတ်ဘူးလားလို့ ကျနော်က သူတို့ကို ပြန်မေးတော့ သူတို့က ဘာမှ မပြောတော့ဘူး သူတို့ရဲ့ ဖြစ်ရပ်မှန်တွေဆိုတော့” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

အာဏာသိမ်းစစ်ကော်ရှင်က ပြန်လည်လုပ်ကိုင်ရန် အရှိန်မြင့် ပြင်ဆင်လာနေတဲ့ မြစ်ဆုံစီမံကိန်း ၇ ခုထဲမှ စီမံကိန်း ၅ ခုဟာ KIO/ KIA ရဲ့ မေခမြစ်စိုးမိုးရေး စီမံကိန်းထဲက မေခမြစ်ထဲမှာ ပါဝင်နေပါတယ်။

မြစ်ဆုံစီမံကိန်း ၇ ခုထဲ မေခမြစ်ပေါ်မှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ရီနန်စီမံကိန်း၊ ၃၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ခေါင်လန်ဖူးစီမံကိန်း၊ ၂၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် ဖီဆော်စီမံကိန်း၊ ၂၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် ဝဆုတ်စီမံကိန်း၊ ၃၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် ချီဖွေ စီမံကိန်းတို့ ရှိတယ်လို့ သိရပါတယ်။

မလိခ မြစ်ပေါ်မှာ ၂၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် လိုင်ဇာ (မလိယန်) စီမံကိန်းသာရှိပြီး ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် မြစ်ဆုံစီမံကိန်းဟာ မေခနဲ့ မလိခ ပေါင်းစုံရာ ဒေသမှာဖြစ်ပါတယ်။

မြစ်ဆုံဒေသအပါအဝင် အင်မိုင်ခ(မေခ) နဲ့ မလိခ မြစ်တွေပေါ်မှာ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ ဆည် ခုနှစ်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အဆိုပါစီမံကိန်းတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဝန်းကျင် ကုန်ကျမယ်လို့ ခန်းမှန်းထားကြောင်း ISP – Myanmar ရဲ့ ၂၀၂၄ ဇွန်လထုတ် စာတမ်းမှာ ဖော်ပြထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး