Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာ၊ ထိုင်း၊ လာအိုက အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ဖြေရှင်းဖို့ GMS Breath Council ဖွဲ့စည်း

မြန်မာ၊ ထိုင်း၊ လာအို စတဲ့ သုံးနိုင်ငံမှ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး Greater MeKong Subregion Breath Council ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်က စတင်ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း Karen Environmental and Social Action Network (KESAN) ထံမှ သိရပါတယ်။

နိုင်ငံဖြတ်ကျော် အရပ်ဖက်လူမှုအဖွဲ့အစည်း စင်္ကြံတစ်ခုဖြစ်လာမယ့် Greater Mekong Subregion Breath Council (GMS Breath Council) ဟာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှုပြဿနာကို ပူးပေါင်းရှင်းဖို့နဲ့ ရေရှည် တည်တံ့စေတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်ဖို့အတွက် မဲခေါင်းဒေသထဲရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ သိရပါတယ်။

“ဒီသဘောတူညီမှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်းက အလွန်အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်။ PM 2.5 က နိုင်ငံတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘူး။ နိုင်ငံဖြတ်ကျော်ဖြစ်ပွားတဲ့ ပြဿနာတစ်ခု ဖြစ်ပြီး ဒေသန္တရ အသီးသီးရဲ့ ပါဝင်မှုကို လိုအပ်တယ်၊၊ စောစောလုပ်ရမယ်၊ သက်ဆိုင်ရာ ကဏ္ဍအားလုံးကို လွမ်းခြုံရမယ်။ ကျွန်တော်တို့ အခုလုပ်မှ ရမယ်။ အစိုးရတွေ လုပ်ပေးမဲ့အချိန်ကို စောင့်လို့မရဘူး”လို့ KESAN ရဲ့ ညွှန်ကြားရေးမှူး စောဖေါလ်စိန်ထွားက ပြောတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုဟာ မဲခေါင်းမြစ်ဝှမ်းဒေသထဲရှိ လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ဇီဝမျိုးကွဲတို့အပေါ် များစွာထိခိုက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါပြဿနာကို ဖြေရှင်းရာမှာ မူဘောင်ပေါ်လစီတွေ ချမှတ်ရာမှာ လူထုအချင်းချင်းကြား ချိတ်ဆက်မှုနဲ့ ဒေသ တစ်ခုနဲ့ တစ်ခုအကြား ဆက်သွယ် လုပ်ဆောင်မှု အင်အားဟာ အဓိက ကျတဲ့အတွက် ယင်းသဘောတူညီမှု စာချွန်လွှာ (MoU)ကို အရပ်ဖက်အဖွဲ့အစည်းတွေ သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သဘောတူညီမှု စာချွန်လွှာဟာ အဖွဲ့ဝင်တွေ လက်မှတ်ရေးထိုးချိန်မှ စတင်ပြီး သက်တမ်း ၂ နှစ် ရှိကြောင်း၊ အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုနဲ့ ၂ နှစ်စီ သက်တမ်းတိုးမြှင့်ပြီး လုပ်ဆောင်သွားနိုင်တယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ကိုယ်စားလှယ်တွေဟာ လုပ်ငန်းပံ့ပိုးရေးအဖွဲ့ (GMS Breath Council Secretariat) တွေရဲ့ ပံ့ပိုးမှုနဲ့အတူ ပူးတွဲအစည်းအဝေးပြုလုပ်ပြီး လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးမယ့် စနစ်တွေ ရေးဆွဲချမှတ်သွားမှာဖြစ်ကြောင်း၊ ဒီနှစ်ထဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့မှာ ပြုလုပ်သွားမယ့် GMS Breath Council ကွန်ရက်မှာလည်း ပူးတွဲလုပ်ငန်း အစီအစဉ်တွေ ချမှတ်သွားမယ်လို့ သိရပါတယ်။

GMS Breath Council ဟာ ရည်ရွယ်ချက် မူဝါဒ ၄ ချက်ကို ချမှတ်ထားပြီး ပထမအချက်မှာ ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသရှိ နယ်စပ်ဖြတ် ကျော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ချိတ်ဆက် လမ်းညွှန် ပေးမယ့် ယန္တရားတစ်ခုအဖြစ် GMS Breath Council ကို ဖွဲ့စည်းခြင်းဖြစ်ပါတယ်။

ဒုတိယအချက်မှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုကို ပေးနိုင်မယ့် အဖြေကို ရရှိဖို့ Twin-city collaboration မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာ လျှော့ချရေးအစီအစဥ်တွေကို ရေးဆွဲအကောင်အထည်ဖေါ်ရန်၊ ပူး‌တွဲစီမံကိန်းနဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာနယ်ပယ်တစ်လျှောက်မှာ ချမှတ်လုပ်ဆောင်ခြင်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို မြှင့်တင်ရန်ဖြစ်ပါတယ်။

တတိယအချက်မှာ ပူးတွဲမီး (တောမီး၊ ရှို့မီး) စီမံခန့်ခွဲရေး၊ ဒေသအခြေပြု စီမံခန့်ခွဲရေးနဲ့ မီးလမ်းမီးတား စီမံခန့်ခွဲရေး တို့အတွက် နိုင်ငံအသီးသီးရဲ့ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ နည်းပညာတွေကို ဝေမျှဖလှယ်ပေးနိုင်မယ့် စနစ်ကို ဖန်တီးရန်ဖြစ်ပါတယ်။

နောက်ဆုံးအချက်မှာ နိုင်ငံအသီးသီးရဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍ၊ ပညာရေးကဏ္ဍမှာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်းတို့ကို ပါဝင်စေခြင်းနဲ့ သက်ဆိုင်သူ အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ရန် ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံတို့ရှိ Breathe Bangkok၊ Northern Thailand Breath Council (NTBC)၊ Esan Breath Council၊ Karen Environmental & Social Action Network (KESAN)၊ Souphanouvong University (SU – Lao PRD) တို့က GMS Breath Council ကို ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်ပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး