Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ULA/ AA ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က မြေဧက တစ်သိန်းကျော်ကို တိုးချဲ့ကြိုးပြင်ကာကွယ်တောအဖြစ် စစ်ကော်မရှင်ကြေညာလာ

အာရက္ခတပ်တော် (ULA/ AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲရှိ မြေဧက တစ်သိန်းကျော်ကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၁၀၅,၈၁၅ ဧက ရှိတဲ့ နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင် ကာကွယ်တော အဖြစ် ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်က သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကော်မရှင်ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီလိုသတ်မှတ်ခြင်းဟာ အမြဲစိမ်းတောနဲ့ ရွက်ပြတ်ရောနှောတော အမျိုးအစားဖြစ်တဲ့ ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ်စသည့် ဒေသ သစ်မျိုးတွေနဲ့ ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ်တွေကိုလည်း ထိန်းသိမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ပံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ်စတဲ့ ရှားပါးတောရိုင်း တိရစ္ဆာန်တွေရဲ့ နေထိုင်ကျက်စားရာ ဒေသတွေကိုလည်း ထိန်းသိမ်းကာကွယ်နိုင်မယ်လို့ သိရပါတယ်။

မြေဆီလွှာ တိုက်စားမှု လျော့နည်းစေခြင်းနဲ့ မြေအောက်ရေ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေခြင်း၊ သဘာဝ ဘေးအန္တရာယ်တွေမှ တားဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတု ပိုမိုတိုးတက်ကောင်းမွန်မျှတလာနိုင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမျာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (ULA/ AA) ဟာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ စစ်ကော်မရှင်ရဲ့ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၄ ခုနှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ULA/AA ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ဥပဒေများ ပြဌာန်းသတ်မှတ်ရင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို လည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။

စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေမှာလည်း စစ်တပ်နဲ့ ULA/ AA တပ်တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...