ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ပြင်မှာ တရားမဝင် ကျူးကျော် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရ် ရေလုပ်သား ၇၃ ဦးကို ဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကုရ်အာန်ကျမ်းကို ကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခိုင်းခြင်း ပြုလုပ်ကာ ဘင်္ဂလားဒေ့ရ်နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရေလုပ်သားတွေကို ဘင်္ဂလားဒေ့ရ် နယ်ခြားစောင့်တပ်နဲ့ ULA/ AA တို့ ချိတ်ဆက်ပြီး အထောက်အထား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်က လွှဲပြောင်းအပ်နှံခြင်းဖြစ်တယ်လို့ ULA/ AA နဲ့ နီးစပ်တဲ့ ဒေသတွင်း သတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။
ရေလုပ်သားတွေကို နောက်နောင် ရခိုင်ပြည် ပင်လယ်ပြင်မှာ ကျူးကျော် ငါးခိုးမဖမ်းတော့ပါလို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခြင်း၊ တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရေလုပ်သားတွေကိုလည်း ကု၇်အာန်ကျမ်းကို ကိုင်လျက် ကျမ်းသစ္စာ ကျန်ဆိုခိုင်းခြင်းတို့ ပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကုရ်အာန်ကျမ်းကိုင်ပြီး ကျမ်းကျိန်ဆိုမှုမှာ “ဒေစော်ရေ အလ္လာသျှင်မြတ်၏ ကုရ်အာန်ကျမ်းဖြစ်တေ။ ကုရ်အာန်ကျမ်းကိုကိုင်လို ပြောနီစော်ပါ။ ရှိဆက်လို ဒေဖက်အခြမ်းကို ကျူးကျော်ပြီးကေ ငါးခိုးလိုမဖမ်းပါယာ။ ဒေဖက်သို ကျူးကျော်ပနာ ငါးခိုးဖမ်းခကေ ငါရိုအပြစ် ကျပါစီလို ကျမ်းကိုင်ပြီး သစ္စာဆိုပါရေ “လို့ ဖြစ်တယ်လို့ သိရပါတယ်။
ရည်ရွယ်ချက် ရှိရှိ၊ တရားမဝင် ငါးခိုးဝင်းဖမ်းတဲ့ ဘင်္ဂလာဒေ့ရ် ရေလုပ်သားတွေကို ULA/ AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က အချိန်ပြည့် စောင့်ကြည့် ဖမ်းဆီးပြီး ဥပဒေနဲ့အညီ တရားစီရင်ကာ အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။




































