Connect with us

Hi, what are you looking for?

သတင်း

ဒီနေ့မှစတင်ပြီး အချိန်ပိုင်းခွဲပြီးသာ လျှပ်စစ်မီး ပေးနိုင်တော့မယ်လို့ဆို

 လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းလာနေချိန်မှာ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ဖို့အတွက် ဒီနေ့မှ စတင်ပြီး လျှပ်စစ်မီးကို “ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း အစီအစဉ်များ”အဖြစ် အချိန်ပိုင်းနဲ့သာ ခွဲဝေပေး သွားမယ်လို့ စစ်ကော်မရှင်ရဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကြေညာပါတယ်။

လက်ရှိ နွေရာသီကာလကို ရောက်ရှိလာချိန်မှာ ဆည်တွေက စုဆောင်းထားတဲ့ ရေတွေကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး လျှပ်စစ်မီး ပေးနိုင်ဖို့ စတင်ထိန်းသိမ်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပေမယ့် တက္ကသိုလ်ဝင် စာမေးပွဲ မကျင်းပမီနဲ့ ကျင်းပချိန်မှာ လျှပ်စစ်မီး မပြတ်စေဖို့အတွက် စုဆောင်းထားတဲ့ ဆည်ရေတွေကို တိုးမြှင့်ထုတ်လုပ် ပေးရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဇွန်လအထိ လျှပ်စစ်မီး စဉ်ဆက်မပြတ် ပေးနိုင်ရေးနဲ့ လက်ရှိကာလ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိဖို့အတွက် လျှပ်စစ်မီးကို ဒီနေ့ မတ်လ ၁၈ ရက်ကနေ စတင်ပြီး အချိန်ပိုင်းနဲ့သာ ခွဲဝေပေးနိုင်တော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လကနေ ဇွန်လအထိ လေးလကြာ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ ခွဲဝေပေးသွားမယ်လို့ ကြေညာထားချက်ကို နားလည်ရပေမယ့် ဘယ်လိုခွဲဝေပေးသွားမယ်ဆိုတာ အတိအကျ မထုတ်ပြန်ထားပါဘူး။

တစ်နေ့ ပျှမ်းမျှ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ဟာ ၄၆၆၄ မဂ္ဂါဝပ် ဖြစ်ပေမယ့် လက်ရှိမှာ ၃၆၀၀ မဂ္ဂါဝပ်ခန့်နဲ့ ပုံမှန်ထုတ်လုပ်နိုင်မှုရဲ့ ၇၇ ရာခိုင်နှုန်းသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းက မြို့တွေမှာ လျှပ်စစ်မီး ပေးဝေမှုကို အုပ်စုတွေ ခွဲထားပြီး အလှည့်ကျ လျှပ်စစ်မီးဖြတ်မယ့် အချိန်စာရင်းကို ထုတ်ပြန်ထားသလို တစ်နေ့ကို ၈ နာရီ မီးဖြတ်သွားမယ်လို့ သိရပါတယ်။