မဲခေါင်းဒေသတွင်းရှိ PM2.5 လေထုညစ်ညမ်းမှု ပြသနာကို တိုက်ဖျက်ရန်အတွက် GMS Breath Council ဟာ ဒေသတွင်း မဟာဗျူဟာသစ် တစ်ရပ်ကို စတင်လိုက်ပြီ နယ်စပ်ဒေသခံလူထုအကြား ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတည်ဆောက်ထားတယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်က ကျင်းပတဲ့ GMS Breath Council Forum ဆွေးနွေးပွဲကနေ မဲခေါင်းဒေသထဲ လေထုညစ်ညမ်းမှု ပြဿနာကို တိုက်ဖျက်ဖို့အတွက် ၂၀၂၆ မှ ၂၀၂၈ ခုနှစ်အတွင်း ပူးတွဲ လုပ်ဆောင်မှု အစီအစဉ် (Joint Action Plan) ကို အတည်ပြု နိုင်ခဲ့တယ်လို့ Karen Environmental and Social Action Network (KESAN) က မနေ့ မတ်လ ၁၉ ရက်က ထုတ်ပြန်ပါတယ်။
ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွေဟာ လေထုအရည်အသွေးကို စီမံခန့်ခွဲရာမှာ မြေပုံပေါ်ရှိ နယ်နိမိတ်မျဉ်းတွေအတိုင်း မဟုတ်ဘဲ လေတိုက်နှုန်း၊ လေလားရာနဲ့ ဒေသတွင်း ဂေဟစနစ်တွေအပေါ် အခြေခံပြီး စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်မြို့တွေအကြား လေထုအရည်အသွေးကို အတူတကွ စောင့်ကြည့်စစ်ဆေးနိုင်ဖို့ စမ်းသပ်စီမံကိန်း တွေကို စတင်ဆောင်ရွက်သွားမှာဖြစ်သလို လယ်ယာမြေနဲ့ သစ်တောတွေထဲ မီးရှို့ခြင်းကို လျှော့ချနိုင်ဖို့ ဒေသခံ တောင်သူတွေနဲ့ လူထုအသိုင်းအဝိုင်းတွေကို စီးပွားရေးအရ အကျိုးခံစားခွင့် ပေးတဲ့ PES (Payment for Ecosystem Servies) စနစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
“မဲခေါင်ဒေသအတွင်းရှိ PM2.5 လေထုညစ်ညမ်းမှုပြဿနာကို တိုက်ဖျက်ရန် တစ်စုတစ်စည်းတည်းသော ဒေသတွင်း မဟာဗျူဟာသစ်တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။ ယခင်က ကျင့်သုံးခဲ့သည့် နိုင်ငံအလိုက် သီးခြားစီ လုပ်ဆောင်သော မူဝါဒဟောင်းများကို စွန့်လွှတ်ကာ နိုင်ငံရေး နယ်နိမိတ်များထက် နယ်စပ်ဒေသခံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို ရှေ့တန်းတင်သည့် “People-to-People” မူဘောင်ကို အခြေခံ၍ တည်ဆောက်ထားပါသည်” ဟု KESAN က ဆိုပါတယ်။

GMS Breath Council Forum ဟာ “CLEAR Sky” မဟာဗျူဟာကို မဲခေါင်ဒေသတလျှောက်မှာ ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီး ဒေသတွင်း ရင်ဆိုင်နေရတဲ့ ကျန်းမာရေး အကျပ်အတည်းကို စုပေါင်းတည်တံ့ခိုင်မြဲတဲ့ စံပြပုံစံတစ်ခုအဖြစ် ပြောင်းလဲနိုင်ရေး ဖြစ်တယ်လို့ သိရပါတယ်။
Greater MeKong Subregion Breath Council ကို မြန်မာ၊ ထိုင်း၊ လာအို စတဲ့ သုံးနိုင်ငံမှ Breathe Bangkok၊ Northern Thailand Breath Council (NTBC)၊ Esan Breath Council၊ Karen Environmental & Social Action Network (KESAN)၊ Souphanouvong University (SU – Lao PRD) တို့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်က စတင်ဖွဲ့စည်းတယ်လို့ သိရပါတယ်။
နိုင်ငံဖြတ်ကျော် အရပ်ဖက်လူမှုအဖွဲ့အစည်း စင်္ကြံတစ်ခုဖြစ်လာမယ့် GMS Breath Council ဟာ နယ်စပ်ဖြတ်ကျော် လေထု ညစ်ညမ်းမှုပြဿနာကို ပူးပေါင်းရှင်းဖို့နဲ့ ရေရှည် တည်တံ့စေတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်ဖို့အတွက် မဲခေါင်းဒေသရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ သိရပါတယ်။









































