Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သမီးလှကျွန်းကို မြေပြင်နဲ့ ရေပြင်ပေါင်းစပ် တည်ထောင်

“သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” ကို ပင်လယ်ရေပြင် ထိန်းသိမ်းရေးဧရိယာတွေ တိုးချဲ့ဖွဲ့စည်းပြီး “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ်၊ မြန်မာ့ စတုတ္ထမြောက် အဏ္ဏဝါ အမျိုးသားဥယျာဉ် သဘာဝ ထိန်းသိမ်းရေး နယ်မြေအနေနဲ့ ပြောင်းလဲကာ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ ဧရိယာ ၂၁၇. ၆ ဧက ကျယ်ဝန်းတဲ့ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ပင်လယ်ပြင်ထိန်းသိမ်းရေး ရေပြင်ဧရိယာ ၁၁,၈၉၇ ဧကပါ တိုးချဲ့ သတ်မှတ်ပြီး ကျွန်းသစ်တောမြေနဲ ရေပြင် စုစုပေါင်း ၁၂၁၁၄. ၆၀ ဧကတို့ကို “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်မှာ ပြောင်းလဲတည်ထောင်တယ်လို့ သိရပါတယ်။

အဲဒီလို ပြင်ဆင်သတ်မှတ်ခြင်းဟာ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်မှာ ဖြစ်သလို၊ သန္တာကျောင်းတန်းတွေ ရေရှည်တည်တံ့တိုးပွားစေပြီ အဏ္ဏဝါမျိုးစိတ်တွေ သားပေါက်ရာ ဒေသ ဖြစ်လာမယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲတွေ တိုးပွားလာစေမှာဖြစ်သလို ပင်လယ်လိပ်မျိုးစိတ်တွေရဲ့ သားပေါက်ရာ နေရာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး အဏ္ဏဝါမျိုးစိတ်တွေ သုတေသနပြု လေ့လာနိုင်တဲ့ အခွင့်အလမ်းတွေလည်း ပေါ်ထွန်းလာနိုင်တယ်လို့ ဆိုပါတယ်။

သမိုင်းဝင်မော်တင်စွန်ဘုရားနဲ့ နီးကပ်စွာ တည်ရှိတဲ့အတွက် ဘုရားဖူးလာသူတွေ အပန်းဖြေနိုင်သလို သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတက်ရေးကိုလည်း ဆောင်ရွက်လာနိုင်မယ်လို့ ဆိုပါတယ်။

သမီးလှကျွန်းဟာ ဟိုင်းကြီးမြို့နယ်ခွဲ၊ သမိုင်းဝင်မော်တင်စွန်း ဘုရားမှ ရေပိုင် ၆ မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော် နဲ့ အက်ဒမန်ပင်လယ်တို့ရဲ့ ရေကြောင်းတွေ ဆုံရာအနီး ငဝန်မြစ် (ပုသိမ်မြစ်ဝ)မှာ တည်ရှိပါတယ်။

မြေမျက်နှာသွင် ပြန့်ပြူးပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၈ ပေမှ ၁၁ ပေအတွင်းတည်ရှိသလို ဗြိတိသျှအစိုးရ ခေတ်က Diamond Island (စိန်ကျွန်း) လို့ အမည်တွင်ကြောင်း၊ နောက်ပိုင်းမှာ ပင်လယ်လိပ်တွေကို စီမံချက်နဲ့ ထိန်းသိမ်းမွေးမြူတဲ့အတွက် လိပ်ကျွန်းလို့လည်း အမည်တွင်ကြောင်း သိရပါတယ်။

၁၉၇၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှာ အဆိုပါကျွန်းဧရိယာကို သမီးလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၅၆ ကြာ ဒီနှစ်မှာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်တာပါ။

သမီးလှကျွန်းဟာ ကြည်လင်တဲ့ ပင်လယ်ပြင်မှာ စိန်းလန်းတဲ့ ကျွန်းနဲ့ ဖြူဖွေးသန့်ရှင်းတဲ့ သဲသောင်ပြင်တွေကြောင့် ထင်းရှားသလို ကမ္ဘာ့ရှားပါးစာရင်းဝင် ပင်လယ်လိပ်တွေ တစ်နှစ်ပတ်လုံး လာရောက် ဥချတဲ့ မြန်မာမှာ တစ်နေရာ တည်းသာ ရှိတဲ့ ကျွန်းအဖြစ်လည်း ထင်းရှာတယ်လို့ ဆိုပါတယ်။

ကျွန်းပေါ်မှာ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုး အစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟစနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေ ထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခယာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိချောင်းနွယ်အပင်တွေ ပေါက်ရောက်တယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးတွေဖြစ်တဲ့ ပြင်သာ လိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင် တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီး လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ဂဏန်းနဲ့ ငါးမျိုးစိတ်တွေ ရှင်သန် ကျက်စားရာ နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဘွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး ၊ စွန်၊ ဆက်ရက်၊ ပိန်ညှင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သော ကုန်းနေနှင့် ငှက်မျိုးစိတ်တွေ နားခိုကျက်စားရာ နေရာ ဒေသတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...