Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်းကို ကချင်အရပ်ဖက်အဖွဲ့များကွန်ရက် ကန့်ကွက်

လက်ရှိမှာ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရန် အပါအဝင် အချက် ၃ ချက်ကို ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်က တောင်းဆိုပါတယ်။

ဧပြီလ ၁ ရက်မှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ ကချင်ပြည်နယ်က ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ် မြင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး အဖွဲ့ဝင် ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်က တောင်းဆိုခြင်းဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ လူထုရဲ့ သဘောဆန္ဒကို လေးစားလိုက်နာဖို့၊ စီမံကိန်းကို ကန့်ကွက်တဲ့ ပြည်သူတွေအပေါ် အရေးယူမယ်လို့ ခြမ်းခြောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေသခံပြည်သူတွေနဲ့ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင်း ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။

အခုတဖန် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင် လုပ်ဆောင်နိုင်ဖို့ မြစ်ကြီးနားမြို့နေ လူထုကို စည်းရုံးသိမ်းသွင်းခြင်း၊ ရုံးတွင်း ညွှန်ကြားချက်/ အမိန့်တွေမှတဆင့် “မြစ်ဆုံစီမံကိန်းဆိုင်ရာ သက်သေအချက်အလက် အခိုင်အမာ မပြနိုင်ဘဲ ကန့်ကွက်ပါက အရေးယူမယ်” လို့ ခြိမ်းခြောက်ပြောဆိုခြင်း၊ မက်လုံးပေးခြင်း တို့ကို စစ်ကော်မရှင်က လုပ်ဆောင်နေတယ်လို့ အဆိုပါကွန်ရက်က ဆိုပါတယ်။

ပြည်သူလူထုက မည်မျှပင် ကန့်ကွက်နေစေကာမူ သက်ဆိုင်ရာ အာဏာပိုင်တွေက မြစ်ဆုံစီမံကိန်းကို မရမက အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ကြားသိနေရကြောင်း အဆိုပါကွန်ရက်ထံမှ သိရပါတယ်။

“ကချင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် သိန်းနှင့် ချီသော ပြည်သူများ စစ်ဘေးရှောင်နေရချိန်တွင် မြစ်ဆုံစီမံကိန်းကြောင့် တပူးပေါ် တပူဆင့် နောက်တစ်ဖန် ထပ်ဆင့်ထွက်ပြေး တိမ်းရှောင်ရမည့် အရေးကို လွန်စွာ စိုးရိမ်မိပါသည်။ ကာလကြာရှည်စွာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ မြစ်ဆုံဆည် တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြား ယုံကြည်မှုကို ပိုမိုကင်းမဲ့စေမည့်အပြင်၊ နောင်တွင် မလိုလာအပ်သော ပဋိပက္ခများကို မီးစထိုးပေးရာ ရောက်စေပါသည်” လို့ ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဆိုပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးမှာ ပြည်တွင်းစစ်ဖြစ်ပွားနေရုံသာမက အများပြည်သူရဲ့ သဘောထားအမှန်ကိုလည်း ရယူဖို့ လုံးဝ မဖြစ်နိုင်တဲ့ ကာလဖြစ်ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ဖို့ လုပ်ဆောင်ခြင်းဟာ အများပြည်သူနဲ့ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေရဲ့ သဘောထားတွေကို လျစ်လျူရှုရာ ရောက်တယ်လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နဲ့ မျိုးစိတ်တွေ ပျက်စီးပျောက်ကွယ်ခြင်း၊ ရေကြီး ရေလျှံဖြစ်ပေါ်ခြင်း၊ ရေလမ်းကြောင်းတွေ ပျက်စီးခြင်းနဲ့ သဲသောင်ထွန်းခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကချင်ပြည်သူလူထုအတွက်သာမက နိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေးအနှစ်တွေ ဆုံးရှုံးရမှာအပြင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီခိုလုပ်ကိုင် စားသောက်နေရသူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကိုပါ ဆုံးရှုံးရမယ့် အန္တရာယ်ကြီးမားစွာ ကျရောက်နိုင်တယ်လို့ သိရပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းဟာ သဘာဝငလျင်ကြောင့်ဖြစ်စေ၊ လက်နက်ကြီးထိမှန်မှုကြောင့်ဖြစ်စေ တာရိုးကျိုးပေါက်ခဲ့ပါက မြစ်ကြီးနားမြို့နေ လူထုရဲံ အသက်အိုးအိမ်စည်းစိမ်းတွေ ဆုံးရှုံးရမယ့် အန္တရာယ်ကြီးမားစွာ ကျရောက်နိုင်တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတဝန်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ပြန်လည်စတင်ဖို့ မကြာခဏ ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလက ကချင်ခရီးစဉ်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်မယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာပါတယ်။