Connect with us

Hi, what are you looking for?

သတင်း

မြိုင်နဲ့ ပေါက်က ရေနံသယံဇာတ ခွဲဝေရေးကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲစီမံခန့်ခွဲမယ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG အစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူတွေ အွန်လိုင်းမှတဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီး ပေါက်နဲ့ မြိုင်က ရေနံသယံဇာတနဲ့ ပတ်သက်လို့ နှစ်ဖက်တင်းမာမှု အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် သဘောတူညီမှုတွေ ရရှိခဲ့တာပါ။

အစည်းအဝေးမှာ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအဖွဲ့ကနေ ရေနံမြေ၊ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်ဆောင်ရွက် သွားကြဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းကြီးကြပ်ရေးအဖွဲ့ကို NUGအစိုးရရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းနဲ့ မကွေး ယူနစ်အစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးတို့ ဦးဆောင်တဲ့ တာဝန်ရှိသူတွေ ပူးတွဲဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းတွေ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံဆိုင်ရာ ဥပဒေနဲ့အညီ ကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ရေနံမြေစီမံခန့်ခွဲမှု ကိစ္စရပ်တွေနဲ့ပတ်သက်၍ NUG အစိုးရ အဖွဲ့နဲ့ မကွေးယူနစ်အစိုးရတို့အကြား မနေ့ ဧပြီလ ၂ ရက်ကနေ ဒီနေ့အထိ နှစ်ရက်ဆက် တွေ့ဆုံဆွေးနွေးပြီး ပူးတွဲ စီမံခန့်ခွဲဖို့အပါအဝင် သဘောတူညီမှုတချို့ ရရှိခြင်းဖြစ်ပါတယ်။

မတ်လ ၃၀ ရက်က ပေါက်နဲ့ မြိုင်မြို့နယ်ရှိ ရေနံမြေတွေအတွင်း ရေနံမြေစီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး NUG အစိုးရ လက်အောက်ခံ တပ်ဖွဲ့အင်အား ရာချီးပြီး ဝင်ရောက်လာတဲ့အတွက် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှု ဖြစ်ပွားနေခဲ့ပါတယ်။