Connect with us

Hi, what are you looking for?

သတင်း

၅ နှစ်ကျော်ကြာ အကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးကြောင်း စစ်တပ်ကြေညာ

ဒီနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ စစ်အာဏာသိမ်းထားမှု ၅ နှစ်အကြာရှိချိန်မှာ သမ္မတအသွင်ပြောင်းထားတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးကြောင်း ကြေညာပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွတ်ပေးရာမှာ နောက်တစ်ကြိမ် ပြစ်မှု ကျူးလွန်ရင်း ပြစ်မှု လက်ကျန်တွေကိုပါ ဆက်လက် ကျခံရမယ်လို့ စည်းကမ်းသတ်မှတ်ထားကြောင်း အာဏာသိမ်း စစ်တပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး နိုင်ငံ့သမ္မတလည်း ဖြစ်တဲ့ ဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းစဉ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းကာ အဂတိအမှု ၄ မှုအပြင် ပုဒ်မ ၁၃၀ – က တို့နဲ့ စွပ်စွဲရင်း စုစုပေါင်း ထောင်ဒဏ်၉ နှစ်နဲ့ ၆ လအထိ ထောင်ဒဏ်တွေ ချမှတ်ကာ တောင်ငူထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို Reuters သတင်းဌာနမှာတော့ စွပ်စွဲအကျဉ်းချထားတဲ့ ထောင်ဒဏ်တွေထဲက ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လ လျှော့ပေါ့ပေးခဲ့တယ်လို့ ရေးသားပါတယ်။

ဒီနေ့မှာပဲ အရပ်သားအသွင်းပြောင်းထားတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရဟာ အကျဉ်းသား ၊ အကျဉ်းသူ ၄၀၀၀ ကျော်ကို ခြွင်းချက်နဲ့ လွတ်ငြိမ်းခွင့် ပေးလိုက်ပြီး သေဒဏ်၊ ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ကျခံနေရတဲ့ သူတွေကိုလည်း ထောင်ဒဏ် လျှော့ပေါ့ ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ ဆုရမှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလည်း ပါဝင်လာပါတယ်။

နိုင်ငံခြားသား ၁၇၉ ဦးတို့ကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ သိရပါတယ်။

၂၀၂၅ နိုဝင်ဘာလနဲ့ အခုနှစ် မတ်လတွေထဲမှာ အာဏာသိမ်းစစ်တပ်ဟာ ပုဒ်မ ၅၀၅ နဲ့ ပုဒ်မ ၅၀ အမှုတွေထဲက လူ ၈၀၀၀ နီးပါးကို လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။