ထိုင်း- မြန်မာနယ်စပ်တလျှောက်က သံလွင်မြစ်ရေထဲမှာ အာဆင်နစ်ပါဝင်နေမှုဟာ ပိုမိုမြင့်မားလာနေပြီး သတ်မှတ်စံနှုန်းထက် ၄ ဆမှ ၆ ဆအထိ အလွန်မြင့်မားစွာ ကျော်လွန်နေတယ်လို့ သိရပါတယ်။
ဧပြီလ ၂၁ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးရုံး (ဒေသ ၁)က သံလွင်မြစ်ရေရဲ့ ရေအရည်အသွေး စောင့်ကြည့်လေ့လာမှုမှာ တတိယအကြိမ် ရလဒ်တွေကို ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၂၄ ရက်မှ ၂၇ ရက်အတွင်း သံလွင်မြစ်ရေနမူနာတွေကို ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဟောင်ဆောင်ပြည်နယ်၊ မယ်ဆာရင်းယာခရိုင်၊ မယ်ယွမ်းဒေသခွဲ၊ ဘန်ထာတာဖန်ရွာမှ ဆော့ပ်မိုင်းခရိုင်၊ ဘန်ဆော့ပမိုင်းရွာအကြားက စုဆောင်းခဲ့ပြီး လေ့လာစစ်ဆေးခဲ့ရာမှာ အာဆင်နစ်ပါဝင်မှုဟာ စောင့်ကြည့်နေရာအားလုံးမှာ သတ်မှတ်ထားတဲ့ လုံခြုံရေးစံနှုန်းကို ကျော်လွန်နေတယ်လို့ ဆိုပါတယ်။
သံလွင်မြစ်ရေကို တတိယအကြိမ် လေ့လာစစ်ဆေးမှု မှတ်တမ်းတွေအရ အာဆင်နစ်အဆင့်တွေဟာ 0.049 မှ 0.060 မီလီဂရမ်/ လီတာအတွင်း ရှိနေပြီး သတ်မှတ်ထားတဲ့ အာဆင်နစ် စံနှုန်း 0.01 မီလီဂရမ်/ လီတာထက် အလွန်မြင့်မားစွာ ပါဝင်နေတာ ဖြစ်ပါတယ်။
တတိယအကြိမ် စမ်းသပ်မှု ရလဒ်တွေဟာလည်း အရင်က စောင့်ကြည့်လေ့လာမှု နှစ်ကြိမ်ထက် ပိုမိုမြင့်တက်လာ နေမှုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပထမအကြိမ် စမ်းသပ်လေ့လာမှုမှာ ထိုင်း- မြန်မာနယ်စပ်အနီး မယ်ကွန်ဒေသခွဲရှိ ဖာတန်မှ ဘန်ဆော့ပ်မိုင်းအထိ သံလွင်မြစ်ရေတွေကို စမ်းသပ်ခဲ့ရာ အာဆင်နစ်အဆင့်တွေ ပါဝင်နေမှုမှာ 0.023 မှ 0.029 မီလီဂရမ်/ လီတာအတွင်း တွေ့ရှိရပါတယ်။ ဒုတိယအကြိမ်မှာ မယ်ယွမ်ဒေသခွဲ ဘန်ထာတာဖန် မှ မယ်ဆမ်လပ်ဒေသ၊ ဘန်ဆော့ပ်မိုင်းရွာအမှတ် ၄ အထိ သံလွင်မြစ်ရေတွေကို စမ်းသပ်ခဲ့ရာ 0.034 မှ 0.038 မီလီဂရမ်/ လီတာအတွင်း တွေ့ရှိရပြီး ရေမှာ ပါဝင်တဲ့ အာဆင်နစ် သတ်မှတ်စံနှုန်းထက် ၃ ဆကျော် မြင့်မားနေမှုဖြစ်ပါတယ်။









































