မိုးဦးကာလဟာ မြန်မာနိုင်ငံထဲကို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တဲ့ နေ့မှာ စတင်မှာဖြစ်ပြီး မေလ ၁၃ ရက်မှာ မုတ်သုံလေ စတင်ဝင်ရောက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၁၃ ရက်မှ ၁၈ ရက်အတွင်း နိုင်ငံတောင်ပိုင်းဒေသ၊ မေလ ၁၉ ရက်မှ၂၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ ၂၅ ရက်မှ ၃၀ ရက်အတွင်း နိုင်ငံ့အလယ်ပိုင်းဒေသ၊ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အထိ နိုင်ငံ့မြောက်ပိုင်းဒေသတွေကို အသီးသီးဝင်ရောက်နိုင်တယ်လို့ ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သတိပေးပါတယ်။
“ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်” လို့ အသိပေးထုတ်ပြန်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်တို့မှာ မေလ ၁၇ ရက်မှ ၂၂ ရက်ခန့်အထိ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ ကရင်နီ၊ ချင်၊ ရခိုင်၊ ရှမ်းတို့မှာ မေလ ၁၁ ရက်မှ ၁၆ ရက်ခန့်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်အတွင်း နိုင်ငံတဝန်းလုံးကို ဝင်ရောက်နိုင်ပြီး အောက်တိုဘာလ ဒုတိယပတ်ထဲမှာ နိုင်ငံတဝန်းလုံးမှ ပြန်လည်ဆုတ်ခွာဖွယ် ရှိတယ်လို့ သိရပါတယ်။
မိုးဦးကာလမှာ နိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ စတင် ၀င်ရောက်တဲ့ မေလ ၁၃ ရက်မှ ဇွန်လကုန်အထိ ဖြစ်ပြီး မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်သလို (၂) ကြိမ်က ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီကာလမှာ အနောက်တောင်မုတ်သုံလေဟာ အားအသင့် အတင့်မှ အားကောင်းနိုင်ပြီး မိုးရွာသွန်းမှုအခြေအနေက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ မွန်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်သလို နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးလယ်ကာလဟာ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လကုန်အထိ ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်သလို (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီကာလမှာ အနောက်တောင်မုတ်သုံလေဟာ အားကောင်းနိုင်ပြီး မိုးရွာသွန်းမှု အခြေအနေက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်သလို နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင၊ ကရင်နီ၊ ချင်းနဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
မိုးနှောင်းကာလဟာ စက်တင်ဘာလ ၁ ရက်မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာတဲ့ နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့် ရှိနိုင်ပြီး မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရာသီကာလမှာ နိုင်ငံတဝန်းက မြစ်၊ ချောင်းတွေမှာ မြစ်ရေကြီးမှု၊ ရေကြီးရေလျှံမှုတွေနဲ့ မြစ်ကမ်းပါး ပြိုမှုတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။










































