Connect with us

Hi, what are you looking for?

သတင်း

မိန်းမလှကျွန်းမှာ တံငါသည်တစ်ဦး မိကျောင်း ကိုက်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်း တံငါသည်တစ်ဦးဟာ မိကျောင်း ကိုက်ခံရမှုကြောင့် သေဆုံးသွားပြီး ဒေသအာဏာပိုင်တွေက ထောက်ပံ့ငွေ ၃ သိန်းပေးအပ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဧပြီလ ၂၇ ရက် ည ၇ နာရီခန့်က မိန်းမလှကျွန်း၊ အမဲချောင်းထဲမှာ ဂဏန်းးပိုက်ချနေသူ အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံကို အလျား ၁၅ ပေခန့်၊ ဗြက် ၃ ပေ ခန့်ရှိတဲ့ မိကျောင်းက ရေထဲမှ လှမ်းကိုက်ရာ လှေနံဘေးကို ရိုက်မိပြီး လှေလူးကာ မောင်မိုးဝေယံမှာ ရေထဲပြုတ်ကျသွားရာမှ ကိုက်ချီဆွဲ သွားခံခဲ့ရတယ်လို့ ဒေသခံနဲ့ ဒေသအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတွေက လိုက်လံရှာဖွေခဲ့ရာ ၁ နာရီခန့်အကြားမှာ ချောင်းအတွင်း မောင်မိုးဝေယံရဲ့ ဝဲလျက်ဖျံပေါင်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ခုံပေါ်ပေါက်ပြဲ ဒဏ်ရာ ၅ ချက်၊ ဝဲလက်မပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ဒဏ်ရာ ၇ ချက်၊ ကျောကုန်းပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ခါးနောက်ဘက် ပေါက်ပြဲ ဒဏ်ရာ ၇ ချက်တို့နဲ့အတူ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာသား မောင်မိုးဝေယံကို မိကျောင်းတိုက်ခိုက်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ မိသားစုကို ဧပြီလ ၂၉ ရက်က ထောက်ပံ့ငွေ ကျပ် ၃ သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထောက်ပံ့ငွေပေးပွဲကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူတွေ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်ထဲက မိန်းမလှကျွန်းရဲ့ ဧရိယာတွေကို မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် တည်ထောင်ပြီး ဒီရေတောနဲ့ ဇိဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက််နေသလို ရေချို၊ ရေငန်စပ် မီကျောင်းတွေလည်း ရှင်သန်နေထိုင်တယ်လို့ သိရပါတယ်။