စိုက်ပျိုးစရိတ်ချေးငွေနဲ့ စိုက်ပျိုးကိရိယာ ချေးငွေတွေနဲ့ ပတ်သက်လို့ အကြွေးမဆပ်တဲ့ တောင်သူတချို့ ရှိနေပြီး လက်ရှိ စစ်အစိုးရအနေနဲ့ တောင်သူတွေထံမှ ရရှိရန် ကြွေးကျန်ဘီလီယံချီ ရှိနေတယ်လို့ သိရပါတယ်။
မေလ ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း အသွင်ပြောင်း၊ စစ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင် နဲ့ စစ်အစိုးရအဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီလို ထည့်သွင်းပြောခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါကြွေးကျန်ငွေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ ပြည်နယ် စစ်အစိုးရအဖွဲ့တွေအနေနဲ့ တောင်သူတွေထံမှ အပြည့်အဝ ပြန်လည်ရရှိရေးနဲ့ ကြွေးကျန် မရှိရေးအတွက် ဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အာဏာသိမ်းစစ်အစိုးရရဲ့ ရက် ၁၀၀ ဦးစားပေး စီမံချက်တွေထဲမှာ တောင်သူလယ်သမားတွေကို ချေးငွေနှုန်းထား တိုးမြှင့်ရေးစီမံချက်အဖြစ် ချေးငွေတိုးမြှင့်ထုတ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်မှာ ပြောခဲ့ဖူးပါတယ်။
တောင်သူတွေကို စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တို့နဲ့ပတ်သက်လို့ ၁ ဧက သုံးသိန်းကျပ်၊ အခြားသီးနှံ ၁၈ မျိုးကို ၁ ဧက နှစ်သိန်းခွဲကျပ်၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နဲ့ ပတ်သက်လို့ ၁ ဧက တစ်သိန်းခွဲကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
လယ်ယာသုံးစက်ကိရိယာချေးငွေနဲ့ပတ်သက်လို့ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးသွားမှာဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက် ဖြစ်ပါက တစ်ကဏ္ဍသတ်မှတ်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းဟာ ဧပြီလ ၂၀ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။










































