ရခိုင်ပြည်နယ်၊ မင်းပြားခရိုင်ထဲက ကမ်းစပ်ဒေသတွေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အရေးပါတဲ့ နေရာတွေမှာ ဗျူးခြေထောက်အပင်ပေါင်း ၇၂၀၀ ကျော်ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ဦးဆောင်ပြီး မြို့နယ်ပါတီရုံး၊ ဒီလပ်ဌာန၊ အုပ်ချုပ်ရေးဌာန၊ အမျိုးသမီးအင်အားစု၊ လူငယ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း စိုက်ပျိုးခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတချို့နဲ့ ရခိုင်ဒေသတွင်းသတင်းတွေထံမှ သိရပါတယ်။
အဆိုပါဒေသတွေမှာ နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေးလှိုင်းဒဏ်နဲ့ မုန်တိုင်းဒဏ်တို့ကို အနည်းအများ ခံစားနေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာသီဥတု ပြောင်လဲမှုကို ရင်ဆိုင်နိုင်ရေးအတွက် အခုလို စိုက်ပျိုးခြင်းဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီရေတောများ ရေရှည်တည်တံ့ရေးအတွက်လည်း ဒီရေတောပင်စိုက်ပျိုးမှုကို မင်းပြားခရိုင်အတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒေသဆိုင်ရာ သစ်တောဌာနက ပြောတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေက ရေးသားပါတယ်။
အာရက္ခဒေသ ပြည်သူတွေအနေနဲ့လည်း အများအကျိုးအတွက် ဒီရေတောပင်တွေနဲ့ သစ်တောတွေ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်စိုက်ပျိုးလိုပါက လာမယ့် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ပျိုးပင်တွေ အခမဲ့လာ ယူနိုင်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နှိုးဆော်တိုက်တွန်းနေတယ်လို့ သိရပါတယ်။










































