ULA/ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်နဲ့ ဒေသတွေမှာ “Green Arakkha စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေ မိုးရာသီမှာ အပင်စိုက်ပျိုးကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။
အာရက္ခဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနဲ့ စွမ်းအင် လိုအပ်ချက်တို့ကို ကိုင်တွယ် ဖြေရှင်းရန် အာရက္ခပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသကဲ့သို့ ဂေဟစနစ် ပြန်လည်ထူထောင်ရန်၊ ဒေသအကျိုးပြု သစ်ပင်စိုက်ပျိုးနည်းဗျူဟာနဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ စည်းလုံးညီညွတ်မှု အင်အား လိုအပ်လျက် ရှိတယ်လို့ လက်ကမ်းစာစောင်တွေ ရေးသားထုတ်ဝေပြီး အသိပေးနေပါတယ်။
ဒီနှစ် မိုးရာသီမှာ အိမ်ပတ်ဝန်းကျင်မှာ အပင်စိုက်ပျိုးခြင်း၊ လမ်းဘေး၊ ကျောင်း၊ ရုံးတွေနဲ့ လူအများအသုံးပြုရာ နေရာတွေမှာ စုပေါင်းအပင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီး အပင်တွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ ပြုလုပ်ဖို့ အသိပေးထားပါတယ်။

သစ်ပင်စိုက်ပျိုးမှုတွေကို ရပ်ရွာလူငယ်တွေ ဦးဆောင်လှုပ်ရှားဖို့နဲ့ အာရက္ခအမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာတွေက လုပ်ဆောင်တဲ့ အပင် စိုက်ပျိုးရေး လှုပ်ရှားမှုတွေမှာ ပြည်သူတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ရန်လည်း တိုက်တွန်းနေပါတယ်။ ရခိုင်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ပေါ်နေရာတွေမှအပင် ကျန်မြို့နယ်နဲ့ ဒေသအားလုံးနဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော် ULA/ AA က သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။










































