တအာင်းတပ် (PSLF/ TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ရှိ ခိုဖိတ်၊ မိုင်းဆင်နဲ့ ဘော်တွင်းကျေးရွာတွေအကြားက လမ်းပိုင်းတလျှောက်မှာ သစ်ပင်နဲ့ ပန်းပင်ပေါင်း ၁၂,၀၀၀ ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
ဒေသအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းစဉ်အတွင်း စိန်ပန်းပင်၊ ချယ်ရီပင်၊ ကုက္ကိုလ်ပင်နဲ့ ပန်းတောက်ပင်တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ရဲ့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး မေလ ၂၅ ရက်မှ ၂၇ ရက်အထိ စိုက်ပျိုးခဲ့တယ်လို့ တအာင်းတပ်၊ သတင်းနဲ့ ပြန်ကြားရေးဌာနက မေလ ၂၉ ရက်က ထုတ်ပြန်ပါတယ်။
စိုက်ပျိုးတဲ့ အပင်တွေကို အိမ်မွေးတိရစ္ဆာန်တွေရဲ့ ဖျက်ဆီးမှုမှ ကာကွယ်နိုင်ရေးအတွက် အပင်တစ်ပင်ချင်းစီမှာ အကာအရံတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင် တောင်ရိုးဘုရားစေတီကုန်းပေါ်မှာ သစ်ပင်နဲ့ ပန်းပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနဲ့ စိမ်းလန်းစိုပြေတဲ့ လူနေမှု ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုမှာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ စိုက်ပျိုးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်း၊ စောင့်ရှောက်ပေးဖို့ PSLF/ TNLA က တိုက်တွန်းထားပါတယ်။










































