Connect with us

Hi, what are you looking for?

သတင်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေး ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာ့မြစ်ချောင်းတွေမှာ ရေအားလျှပ်စစ် ပမာဏ ၃. ၅ ရာခိုင်နှိုန်းခန့်သာ ထုတ်လုပ်နိုင်သေးတဲ့အတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိအောင် ဆောင်ရွက်ရမယ်လို့ အာဏာသိမ်း၊ အသွင်းပြောင်း စစ်အစိုးရ ခေါင်းဆောင်က ပြောပါတယ်။

မေလ ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဌတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြစ်ချောင်းတွေကနေ ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ် ပမာဏဟာ မဂ္ဂါဝပ် တစ်သိန်းကျော် ရှိတယ်လို့ လေ့လာတွေ့ရှိရပြီး လက်ရှိမှာ ပမာဏ ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တဲ့အတွက် ၃.၅ ရာခိုင်နှုန်းခန့်သာ ရှိသေးတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ရရှိအောင် ဆောင်ရွက်ရမယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအစည်းအဝေးမှာ မူဝါဒချမှတ်လိုက်တယ်လို့ သိရပါတယ်။

မေလ ၉ ရက်က ကျင်းပတဲ့ အာဏာသိမ်းစစ်အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုအဆင့် အစည်းအဝေးမှာလည်း နိုင်ငံထဲရှိ မြစ်ချောင်းတွေမှာ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်ပေးနိုင်တဲ့အတွက် နှောင့်နှေးနေတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေကို ပြန်လည် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရ၊ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

“ပြည်တွင်း၊ ပြည်ပ သွေးထိုးလှုံ့ဆော်နေသူများ၏ စကားများကို နားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ် ဓါတ်အား ထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများ မရှိခဲ့ပါက ယခုအချိန်တွင် လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိနေမည်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတဲ့အကြောင်း ထုတ်ပြန်ပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေဆိုင်ရာ ထုတ်ကုန်တွေ စီးပွားဖြစ် ထုတ်လုပ်ရေးအပါအဝင် ရေချိုအရင်းအမြစ်တွေ ထိန်းသိမ်းအသုံးချရန် တမံတည်ဆောက်ရေး၊ မြို့ပြနဲ့ ကျေးလက် သောက်သုံးရေး ပေးဝေးရေး၊ စိုက်ပျိုးရေး ပေးဝေရေးအတွက် အလားအလားတွေ ရှာဖွေမယ်လို့ သိရပါတယ်။

ဒေသခံလူထုနဲ့ နိုင်ငံတဝန်းက ပြည်သူတွေက ကန့်ကွက်ဆန္ဒပြမှုကြောင့် ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်အုပ်စုဟာ တရုတ်အကူအညီနဲ့ အလျင်အမြန် ပြန်လည်စတင် လုပ်ကိုင်နိုင်ရေး လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဒေသခံနဲ့ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေထံမှ သိရပါတယ်။