အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး စာချုပ် ချုပ်နေတဲ့ ဆက်ဆံဆောင်ရွက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ၊ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်တွေဟာ “အန္တရာယ်များ”မယ် လို့ NUG အစိုးရက ကြေညာပါတယ်။
လက်ရှိအခြေအနေအရ စစ်အုပ်စုနဲ့ ချုပ်ဆိုတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေဟာ ဥပဒေရေးရာ၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ကြောင့် သတိပြုစေလိုတယ်လို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီး ၁၀ ရက်ကျော်အကြာမှာ လက်ရှိ တရုတ်ခရီးစဉ် သွားနေစဉ်အတွင်းမှာ တရုတ်နဲ့ စစ်အုပ်စုတို့အကြာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း သဘာတူညီမှုတွေ ထွက်ပေါ်လာချိန်မှာ NUG အစိုးရက မနေ့က အခုလို ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။
လက်ရှိခရီးစဉ်မှာ တရုတ်သမ္မတက မြန်မာမှ တရုတ်- မြန်မာစီးပွားရေး စင်္ကြံ (CMEC) စီမံကိန်းတွေ၊ တရုတ်ရင်းနှီး မြှုပ်နှံမှုတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့နဲ့ လုံခြုံရေး အာမခံချက် ပေးဖို့ တွန်းအားပေးခဲ့ပြီး စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသွားမယ်လို့ အာမခံခဲ့ပါတယ်။
လက်ရှိ စစ်အုပ်စုနဲ့ ချုပ်ဆိုနေတဲ့ သဘောတူညီချက်တွေဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု၊ လုံလောက်တဲ့ အများပြည်သူဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်စောင့်ကြည့်မှု ကင်းမဲ့နေတယ်လို့ NUG အစိုးရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးကို လေးစားမှုနဲ့ သက်ဆိုင်ရာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှုတို့အပေါ် အခြေခံဆောင်ရွက်သင့်တယ်လို့ NUG က ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုကို အလေးပေး ဆက်ဆံနေခြင်းက တိုင်းပြည်ရဲ့ လက်ရှိ ပြသနာတွေကို ပြေလည်စေဖို့ ဦးတည်ခြင်း မရှိဘဲ စစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ပိုမိုဆိုးရွားစေဖို့ အားပေးသလို ဖြစ်နေတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ အပြန်အလှန်လေးစားမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးကို အလေးထားတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်ရှိမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံမှာ မြေရှားသတ္တု၊ ရေနနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်မှု၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုအပါအဝင် ကဏ္ဍစုံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်နေသလို စီမံကိန်းအများအပြားကိုလည်း အာဏာသိမ်းကာလအတွင်း အလျင်အမြန် အကောင်အထည်ဖော်နေပါတယ်။











































