Connect with us

Hi, what are you looking for?

အယ်ဒီတာ့အာဘော်

Myanmar Nature ၂ နှစ်ပြည့်နှင့် သတင်းစကား

ယနေ့သည် Myanmar Nature ကို တည်ထောင်မှု နှစ်နှစ်ပြည့်သည့်အကြောင်း လူထုကို ကျွန်တော်တို့ ဂုဏ်ယူစွာ အသိပေးလိုပါသည်။ နှစ်နှစ်တာအတွင်းမှာ Myanmar Nature ကို အတိုင်းအတာတစ်ခုထိ ရုပ်လုံးပေါ်လာအောင် ဖော်ဆောင်နိုင်သကဲ့သို့ လူထုထံသို့လည်း သတင်းများကို စဉ်ဆက်မပြတ် တင်ဆက်လာနိုင်ပြီဖြစ်သည်။

Myanmar Nature ကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်၊ ရာသီဥတု ပြောင်းလဲလာမှုနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနယ်ပယ်တို့မှာ မြန်မာ့လူထုအတွက် သတင်း အချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းတို့ကို အကောင်အထည် ဖော်နေပါသည်။

ခေတ်စနစ်ဆိုးကြီးနှင့် အကျပ်အတည်းကာလအတွင်း Myanmar Nature ကို ဝန်းရံသူ၊ ကူညီသူ၊ အားပေးသူ စသည့် စာဖတ်ပရိတ်သတ်ကို ကျေးဇူးအထူးတင်ရှိပါသည်။ Myanmar Nature ၏ လားရာခရီးသည် ခေတ်အပြောင်းအလဲ၊ တော်လှန်မှု အပြောင်းအလဲများနှင့်အတူ အိုင်ဒီယာအသစ်များဖြင့် တင်ဆက်နိုင်ရေး ကြိုးပမ်းပါဦးမည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ အာဏသိမ်း စစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲနှင့်အတူ စစ်အစိုးရကို ယခုနှစ်ဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့၊ မြေရှားအပါအဝင် သတ္တုတူးဖော်မှု၊ သယံဇာတထုတ်ယူမှုများကို ပမာဏကြီးမားစွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။ အလားတူ တော်လှန်ရေးအင်အားစုအဖွဲ့ အမျိုးမျိုးတို့သည်လည်း သယံဇာတတူးဖော်မှုများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်နေကြသည်။

ယင်းတို့ တူးဖော်မှုများကြောင့် မြန်မာနိုင်ငံအနှံအပြားမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့နှင့် နေရာဒေသများလည်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြည်သူလူထုက တွေ့ကြုံခံစား နေရပြီဖြစ်သည်။

တရုတ်၊ ရုရှား၊ အိန္ဒိယအပါအဝင် နိုင်ငံတချို့သည် အာဏာသိမ်းစစ်အုပ်စု၊ လက်နက်ကိုင်အဖွဲ့တချို့နှင့် ပူးပေါင်းပြီး မြန်မာမှာ သယံဇာတ ထုတ်ယူမှုများကို ပိုမိုလုပ်ကိုင်လာနေသည်၊၊ သယံဇာတတူးဖော်မှု စည်းကမ်း သတ်မှတ်ချက်များနှင့် ရရှိသော အကျိုးအမြတ်များကို မြန်မာလူထုက အကျိုးခံစားခွင့် ရှိ၊ မရှိကိုလည်း စောင့်ကြည့်ဖော်ထုတ်ရန် လိုအပ်လာနေပါပြီ၊၊

Myanmar Nature သည် တရားမျှတမှု ကင်းမဲ့စွာ ပြုမှုခံနေရသော ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို တရားမျှတမှု ကင်းမဲ့စွာ ဆောင်ရွက်နေမှုများကို ဖော်ထုတ်ရေးသားရန် တာဝန်ရှိသည်ဟု ခံယူပါသည်။

ယနေ့ခတ်ကာလတွင် မြန်မာ့သဘာဝသယံဇာတနှင့် ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ရာသီဥတုပြောင်းလဲမှုများသည်  မြန်မာ့လူထု တစ်ယောက်ချင်းစီတိုင်နှင့် သက်ဆိုင်သော အရေးပေါ်ကိစ္စ ဖြစ်လာပြီဖြစ်သည်။ တစ်ကမ္ဘာလုံးနှင့်ပင် သက်ဆိုင်လာပါပြီ၊၊ ယခုနှစ်အတွင်း မြန်မာအပါအဝင် နိုင်ငံတချို့သည် “အားအလွန်ကောင်သော အယ်နီညို”ကို တွေ့ကြုံရမည်ဟု နိုင်ငံတကာ မိုးလေဝသဌာနများက အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့တောတောင်ရေမြေနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ထိန်းသိမ်းကာကွယ်ခြင်းအတွက် လူတစ်ဦးချင်းစီတိုင်းသည် စူပါးဟီးရိုးများ ဖြစ်နေရန် မလိုအပ်ပါ။ မိမိ၏ လက်တကမ်းမှာ ရှိနေသည့် ကိုယ်လုပ်ကိုင်နိုင်သော (သေးငယ်သော အရာပင်ဖြစ်စေ) အကြောင်းခြင်းရာများကို မေတ္တာ၊ စေတနာ၊ သတိမူဖြင့် စတင်ပြုမှု၊ လုပ်ကိုင်ဖို့ပင် ဖြစ်ပါသည်။

 သာဓကအနေဖြင့် နေ့စဉ်ဘဝမှာ ပလစ်စတက်အိတ် လျော့သုံးခြင်း၊ ကိုယ်သိရှိထားသော ဗဟုသုတများကို မိတ်ဆွေနှင့် ဆိုရှယ်ပလက်ဖောင်းများမှာ မျှဝေခြင်းလည်း ပြုလုပ်နိုင်ပါသည်။ နိုင်ငံတဝန်းက လူထုအနေဖြင့်လည်း Myanmar Nature ၏ နယ်ပယ်များနှင့်ဆက်စပ်သည့် သတင်းအချက်အလက်၊ အစအနများကို ပေးပို့ခြင်းဖြင့်လည်း ပါဝင်နိုင်ပါသည်။

Myanmar Nature သည် လူထု၏ အား ပါဝင်ရန်၊ လူထုနှင့် အနီးကပ်ဆုံး တည်ရှိနိုင်ရန် လမ်းဖွင့် ဆောင်ရွက်သွားမည်။ ကျွန်တော်တို့ စုပေါင်းဆောင်ရွက်ကြလျှင် လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး လက်နက်အာဏာရှိသူနှင့် ဓနအာဏာရှိသူများ၏ မတရားမှုကိစ္စများ ကျူးလွန်နေခြင်းကို ကလောင်တံဖြင့် ထိန်းကျောင်းနိုင်မည်၊ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း သတင်းစကားပါးရင်း နိဂုံးချုပ်ပါသည်။