Connect with us

Hi, what are you looking for?

သတင်း

ရွှေကူ ဒေသခံနဲ့ ရွှေသတ္တုတူးသူတွေအားလုံး သတင်းပေးခြင်းအပါအဝင် စစ်တပ်နဲ့ မပူးပေါင်းဖို့ KIA သတိပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေနဲ့ ရွှေသတ္တုတူးလုပ်ငန်း လုပ်ကိုင်နေသူတွေအားလုံး သတင်းပေးခြင်း၊ သူလျှိုလုပ်ခြင်းအပါအဝင် စစ်ကောင်စီနဲ့ မပူပေါင်းရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ကြေညာပါတယ်။

မိဘပြည်သူတွေနဲ့ ရွှေတူးလုပ်ငန်း၊ သတ္တုတူးလုပ်ငန်း လုပ်ကိုင်နေကြတွေ အားလုံး အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်ခြင်း မပြုကြရန် KIA ၊ အမှတ် ၁၁ တပ်မဟာ၊ အမှတ် ၁၂ တပ်ရင်းက ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

“သတင်းပေးခြင်း၊ သတင်းယူခြင်း၊ သူလျှို (ဒလန်) လုပ်ခြင်းများ မပြုလုပ်ကြရန်၊ ယခင်စစ်ကောင်စီနှင့် ပတ်သက် ဆက်နွယ်နေသူများအနေဖြင့် ယခုသတိပေးစာ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပတ်သက် ဆက်နွယ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သတိပေးအပ်ပါသည်” လို့ KIA ၊ အမှတ် ၁၁ တပ်မဟာ၊ အမှတ် ၁၂ တပ်ရင်းက သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်း ပတ်သက်ဆက်နွယ်နေပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ရွှေကူမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားတွေ ဖြည့်တင်းလျင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ နေတဲ့အတွက် KIA ပူးပေါင်းတပ်နဲ့ မေလကတည်းက ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

KIA/ KIO က မလိုအပ်ဘဲ စာတွေ မထုတ်သလို တိုက်ပွဲဖြစ်နိုင်တဲ့ ဧရိယာထဲ ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီထံ သတင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်နေသူတွေကိုလည်း အရေးယူတော့မှာ ဖြစ်တဲ့အတွက် စာထုတ်သတိပေးခြင်းလည်း ဖြစ်တယ်လို့ ရွှေကူမြို့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ Social Punishment Shwegu က ဇွန်လ ၂၃ ရက်မှာ ဆိုရှယ်မီဒီယာကနေ အသိပေးပါတယ်။

“စာတွေက မလိုအပ်ပဲ မထုတ်ပါဘူး၊၊ တိုက်ပွဲဖြစ်နိုင်တဲ့ ဧရိယာထဲ ရှိနေလို့ ကြိုတင်ပြင်ဆင်နိုင်ကြဖို့ စာထုတ်ထား တာဖြစ်ပါတယ်၊၊ မြို့ထဲထိ ရောက်မယ် မရောက်ဘူးတော့ သေချာပေါက်မပြောနိုင်သေးဘူး၊၊ တိုက်ပွဲဖေါ်ဆောင်နေရင်း ချက်ချင်းလည်း မြို့ထဲ ရောက်လာနိုင်တဲ့ အနေအထားရှိပါတယ်၊၊ မိဘပြည်သူတွေအနေနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင် အထုပ်ကြီးအထည်ကြီးတွေတော့ လွတ်ရာကျွတ်ရာပို့၊၊ စစ်ပွဲဖြစ်ပြီ ပြေးတော့ ဆိုတာနဲ့ လွယ်တကူ ထပြေးနိုင်တဲ့ အနေအထားလောက်တော့ ပြင်ဆင်ထားပေါ့၊၊ ပြီးရင် ‌ေ-ွး (စစ်တပ်)တွေနဲ့လည်း လွတ်ရာကျွတ်ရာနေကြ ၊ ပေါ်တာဆွဲခံရလို့ ရှေ့တန်းပါလာရင်တော့ ပြည်သူပါဘာညာလုပ်လို့ မရဘူးဆိုတာလည်း သတိလေးကပ်၊၊ ပြီးရင် သတင်းပေး လုပ်တာတွေ ‌ေ-ွး (စစ်တပ်)တွေနဲ့ ပေါင်းစားနေတာတွေ ရှင်းလင်းရေးလုပ်မှာ မလို့ ကြိုသတိပေးထားတယ်နော်” လို့ အဆိုပါအဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။

ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး – ရွှေကူလမ်းမကြီး အားလုံးကို ဇွန်လ ၈ ရက်မှစတင်ပြီး ရက်အကန့်အသတ် မရှိ သွားလာခွင့် ပိတ်ပင်လိုက်ပြီး တော်လှန် – လမ်းကူး- စီသာ – မိုးတင့်- စိဖွားလမ်းပိုင်းကိုသာ အသုံးပြုရမယ်လို့ ဇွန်လ ၈ ရက်က KIA ၊ တပ်မဟာ ၁၁၊ အမှတ် ၁၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်း မရှိဘဲ မြို့အတွင်းသာ နေထိုင်နေတဲ့ ဒေသခံပြည်သူတွေအနေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြသနာတွေကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း KIA က အသိပေးထားပါတယ်။