ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်တစ်ခုအဖြစ် ထင်ရှားတဲ့ ဇွဲကပင်တောင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို တားမြစ်ထားပြီး ကျူးလွန်သူတွေကို ဒဏ်ငွေကျပ်ငါး ငါးသောင်းသာမက တည်ဆဲဥပဒေအရပါ အရေးယူတော့မယ်လို့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွဲကပင်တောင်ဟာ နှစ်စဉ် ခရီးသွားရာသီရောက်တိုင်း တောင်တက်ခရီးသွားတွေနဲ့ စည်းကားလေ့ရှိပေမယ့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ခရီးစဉ်ဒေသရဲ့ ပတ်ဝန်းကျင် ပျက်စီးစေတဲ့အတွက် အခုလို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အာဏာသိမ်းစစ်အစိုးရရဲ့ ပြည်နယ်စစ်အစိုးရအဖွဲ့က ဆိုပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ သတ်မှတ်နေရာတွေမှာသာ အမှိုက်စွန့်ပစ်ဖို့ အသိပေးထားပြီး ဇွဲကပင်တောင်တက်/ ဆင်း လမ်းတစ်လျှောက်မှာ အမှိုက်အိတ်တွေ ထားရှိပြီး စနစ်ကျ အမှိုက်စွန့်ပစ်စေခြင်း၊ အမှိုက်သိမ်းဆည်းခြင်း ဆောင်ရွက်သွာမယ်လို့ ပြည်နယ်စစ်အစိုးရရဲ့ ဘားအံမြို့၊ထွေအုပ်ဌာနက ထုတ်ပြန်ပါတယ်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကို ဒေသန္တရအမိန့် ကြေညာချက်အရ ဒဏ်ငွေအဖြစ် ကျပ် ငါးသောင်း ပြစ်ဒဏ် ချမှတ်မှာဖြစ်သလို ထောင်ဒဏ် ၁ လ လမှ ၆ လအထိ အရေးယူနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ ဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမှိုက်စွန့်ပစ်သူတွေကို မျက်မြင်တွေ့ရှိပြီး ဖမ်းဆီးပေးနိုင်သူကို သတ်မှတ်ပြစ်ဒဏ်ငွေရဲ့ ထက်ဝက်ကို ဆုကြေးအဖြစ် ပေးသွားမှာဖြစ်ပြီး ကျန်ထက်ဝက်ကို ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) ရဲ့ ရန်ပုံငွေအဖြစ် သုံးစွဲမယ်လို့ ဆိုပါတယ်။
နှစ်စဉ်မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့ကို ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည့်ပတ်မှု များပြားလေ့ရှိပြီး ဇွဲကပင်တောင်အပါအဝင် အနီးဝန်းကျင်က တောတောင်တွေဟာ ခရီးသွားလူထုကြား ထင်းရှာပါတယ်။
တဖက်မှာလည်း ခရီးသွားပြည်သူတချို့ဟာ တောင်တက်လမ်းတွေမှာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်လေ့ မရှိတဲ့အတွက် ဒေသခံတွေနဲ့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက မကြာခဏ ဝေဖန်ထောက်ပြ လေ့ ရှိပါတယ်။












































