ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ပျိုးလဖြစ်တဲ့ ဇူလိုင်လ၊ တစ်လလုံးမှာ ကော်သူးလေနယ်မြေအတွင်း စုပေါင်းသစ်ပင်စိုက်ပွဲတွေ ကျင်းပသွားမယ်လို့ KNU (ဗဟို)၊ K- NRECC က ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ကျရောက်တဲ့ ၉ ကြိမ်မြောက် “ကော်သူးလေ စုပေါင်းသစ်ပင် စိုက်ပျိုးလ” အခမ်းအနားကို ဇူလိုင်လ ၁ ရက်မှာ ပေးပို့တဲ့ KNU – ဗဟို၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတထိန်သိမ်းရေးကော်မတီ (K- NRECC) ရဲ့ နှိုးဆော်လွှာမှာ အဲဒီလို လမ်းညွှန်အသိပေးထားပါတယ်။
“သစ်တောများ တိုးပွားရေး၊ ရေရှည် တည်တံ့ရေးသည် အားလုံး၏ တာဝန်ဖြစ်သဖြင့် ဇူလိုင်လ ရောက်တိုင်း ကော်သူးလေရှိ ပြည်သူများ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးရှိ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားများ အားလုံးကို ယခုနှစ် ဇူလိုင်လ တစ်လလုံး၌ ဒေသအလိုက် ပေးအပ်သည့် အခြေအနေပေါ် မူတည်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပသွားရန်နှင့် တဆက်တည်း စိုက်ပျိုးသစ်ပင်များ မူလရည်ရွယ်ချက်အတိုင်း ကြီးထွား ရှင်သန်ရေးအတွက် လိုအပ်သည့် စောင့်ကြပ်၊ ကြည့်ရှုထိန်းသိမ်း ကာကွယ်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားကြရန် လိုအပ်သည်” လို့ K- NRECC က ဆိုပါတယ်။
ကေအဲန်ယူက ဇူလိုင်လကို ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ပျိုးရေးလအဖြစ် ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်မှာ သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတိုင်းမှာ ကော်သူးလေတစ်ဝန်း စုပေါင်း သစ်ပင်စိုက်ပျိုးခြင်းမှာ အခုနှစ်မှာ ၉ ကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း ရာသီဥတုပြောင်းလဲမှုကို လျှော့ချရေးနဲ့ လိုက်လျောညီထွေ တုံ့ပြန်ရေးကို စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်သူးလေ ရာသီဥတုဆိုင်ရာ လုပ်ငန်းအစီအစဉ် (K- CAP) ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ K – NRECC ထံမှ သိရပါတယ်။
K- CAP က သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မှီဖို့ ပြည်သူလူထုတွေ၊ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုအပ်တယ်လို့ အသိပေးထားပါတယ်။












































