Connect with us

Hi, what are you looking for?

သတင်း

၁၃ ရာစုပုဂံခေတ် မဟာဗောဓိဘုရားမှာ နံရံဆေးရေးပန်းချီ အထောက်အထားအသစ်တွေ တွေ့ရှိ

ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ၁၃ ရာစု ခေတ်လက်ရာ မဟာဗောဓိဘုရားမှာ နံရံဆေးရေးပန်းချီ အထောက်အထားအသစ်တွေ ဖော်ထုတ်တွေ့ရှိရတယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရ ထောက်ပံ့မှုနဲ့ Archaeology Survey of India (ASI) အဖွဲ့က ရှေးဟောင်းသုသတေနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတို့ ပူးပေါင်းပြီး မဟာဗောဓိဘုရားကို ပြုပြင်ထိန်းသိမ်းခြင်းနဲ့ အင်္ဂတေပန်းလက်ရာတွေ ချေးချွတ်သန့်စင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်စဉ်မျာ နံရံပန်းချီ ရှိ၊ မရှိ စမ်းသပ်ရာမှာ တွေ့ရှိရခြင်းဖြစ်ပါတယ်။

လက်ရှိမှာ မဟာဗောဓိဘုရားကို နိုင်ငံဖြတ်ကျော် ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ စီစဉ်နေသလို အဲဒီဘုရားရှိ နံရံပန်းချီတွေ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရှေးဟောင်းအဆောက်အအုံအမှတ် ၁၆၇၀ ဖြစ်တဲ့ မဟာဗောဓိဘုရားအပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်မှာ နံရံပန်းချီ ရှိ၊ မရှိ နမူနာ အကွက်ငယ် ၁၃ ကွက်ကို စမ်းသပ်ခဲ့ပြီး အရှေ့ဘက်နံရံမှာ ထင်ရှားတဲ့ နံရံပန်းချီ တစ်ကွက်၊ တောင်ဘက်နဲ့ မြောက်ဘက်မှာ ဆေးသားမှိန်တဲ့ နံရံပန်းချီတစ်ကွက်စီတို့မှာ နံရံပန်းချီ ဆေးသားလွှာတွေကို ဖော်ထုတ်တွေ့တာပါ။

ပုဂံဒေသမှာ ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ဆူ ရှိတဲ့အနက် နံရံဆေးရေးပန်းချီ ရှိတဲ့ အဆောက်အအုံမှာ အရင် ၄၁၆ ဆူ ခဲ့ရာမှာ အခုချိန်မှာ မဟာဗောဓိဘုရားမှာပါ နံရံပန်းချီရှိကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိရတယ်လို့ စစ်အစိုးရရဲ့ ပြန်ကြားရေးက ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ခုနှစ်ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဒေသ ရှေးဟောင်းအဆောက်အဦးတွေထဲက ၇၂ ဆူကို အိန္ဒိယအစိုးရရဲ့ အထောက်အပံ့နဲ့ ASI အဖွဲ့က ၂၀၂၀ ခုနှစ်ကတည်းက ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့ရာ ၂၀၂၀ ခုနှစ်က ပထမအဆင့် ၁၁ ဆူ ပြီးစီးခဲ့ပြီး ဒုတိယအဆင့်မှာ ၂၀၂၅ မှ ၂၀၂၈ ခုနှစ်အထိ ဘုရား ၅၀ ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

၂၀၂၅ – ၂၀၂၆ ခုနှစ်အတွင်းမှာ မဟာဗောဓိဘုရားအပါအဝင် ရှေးဟောင်းအဆောက်အအုံ ၁၅ ဆူကို အဆောက်အဦးပိုင်ဆိုင်ရာ ထိန်းသိမ်းရေးနဲ့ နံရံပန်ချီး၊ အင်္ဂတေပန်းတော့ဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။