ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင်- တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (KT-CCA) ရဲ့ ဧရိယာထဲမှာ ယခုနှစ် ၂၀၂၆ ခုနှစ်အတွက် ကြိုးကြာငှက်ဥသိုက်ကို စတင်တွေ့ရှိရပြီလို့ အဆိုပါအဖွဲ့က ဇူလိုင်လ ၈ ရက်က ထုတ်ပြန်ပါတယ်။
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် ကြိုးကြာငှက်အသိုက်စာရင်းတွေကို နှစ်စဉ်ကောက်ယူလျက်ရှိရာ ဒေသခံတွေရဲ့ ပူးပေါင်းမှုကြောင့် ဒီနှစ်အတွက် ပထမဆုံး ကြိုးကြာဥအသိုက်ကို ဇူလိုင်လ ၈ ရက် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
KT-CCA ဧရိယာထဲမှာ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်ပြီး ဇီဝမျိုးစုံမျိုးကွဲ စောင့်ကြည့်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းနဲ့ ရေရှည်တည်တံ့တဲ့ သယံဇာတထုတ်ယူသုံးစွဲရေး နည်းပညာပေး လုပ်ငန်းတွေကို ဆက်စပ်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဝါးခယ်မမြို့နယ်အတွင်း ကျုံကပြင် – တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး ဧရိယာထဲမှာ တနှစ်ထက် တစ်နှစ် ကြိုးကြာခေါင်းနီငှက်သိုက်တွေကို ပိုမိုတွေ့ရှိလာရတယ်လို့ အဆိုပါအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မိုးရာသီမှာ အသိုက်ဆောက် ဥအု သားပေါက်လေ့ရှိတဲ့ ကြိုးကြာခေါင်းနီငှက်ဟာ တစ်နှစ်မှာ တစ်ကြိမ်သာ သားပေါက်လေ့ရှိပြီး တစ်လုံးမှ နှစ်လုံးထိ ဥ,အု လေ့ရှိပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၁၄ မြို့နယ်မှာ ကြိုးကြာခေါင်းနီတွေ ပျံ့နှံ့ကျက်စားကြပြီး ဝါးခယ်မမြို့နယ်ထဲမှာ အများဆုံး နေထိုင်ကျက်စားသလို ကြိုးကြာခေါင်းနီးငှက်တွေနဲ့ ဒေသခံတွေကြား ယဉ်ကျေးမှုအရ အစဉ်လာကြီးမားတဲ့ ဆက်နွယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ကြိုးကြာခေါင်းနီငှက်မျိုးစိတ်ဟာ မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားပြီး ကချင်၊ ရှမ်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းတို့မှာ တွေ့ရှိရကြောင်း သိရပါတယ်။












































