Connect with us

Hi, what are you looking for?

သတင်း

တောင်သူနဲ့ လုပ်ငန်းရှင်တွေကို ဝါကြိတ်စက်၊ ဝါစေ့ဆီထုတ်စက်၊ ချည်မျှင်စက်၊ ဆီစက်တွေ ဝယ်ယူနိုင်ရေး ချေးငွေထောက်ပံ့မယ်

ဝါကြိတ်စက်၊ ဝါစေ့ဆီထုတ်စက်၊ ချည်မျှင်ထုတ်လုပ်စက်၊ ဆီစက်တွေ ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် တောင်သူတွေနဲ့ လုပ်ငန်ရှင်တွေကို အထူးချေးငွေအစီအစဉ်နဲ့ ထောက်ပံ့ကူညီသွားမယ်လို့ အာဏာသိမ်းစစ်တပ်အစိုးရက ဇူလိုင်လ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ဝါတွေ အပြည့်အဝ ကြိတ်ခွဲနိုင်ဖို့နဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးထားတဲ့ ဝါတွေ တစ်ပိုင်တစ်နိုင်ကြိတ်ခွဲနိုင်ဖို့အတွက် ပြည်တွင်းထုတ် ဝါကြိတ်စက်တွေကို အထူးချေးငွေအစီအစဉ်နဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဝါစေ့ဆီထုတ်စက်၊ ချည်မျှင်ထုတ်လုပ်စက် တည်ထောင်ဖို့နဲ့ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက်လည်း ဝါလုပ်ငန်းတွေအနေနဲ့ ချေးငွေတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

MSME ရန်ပုံငွေကနေ ချေးငွေတွေ ထုတ်ချေးပေးမှာဖြစ်ပြီး နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ် MSME အေဂျင်စီရုံးတွေကို ပေးပို့လျှောက်ထားနိုင်တယ်လို့ စစ်အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်တွင်းဆီစက်တွေ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ဖြည့်တင်းနိုင်ရေး ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေး ချေးငွေတွေ ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေအဆိုပြုလွှာတွေကိုလည်း ပေးပို့လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ စက်အရန်ပစ္စည်းတွေနဲ့ စက်ကိရိယာပစ္စည်း တင်သွင်းခွင့် ရရှိရေးတို့ကိုလည်း ထောက်ခံချက်တွေ လာရောက်လျှောက်ထားနိုင်တယ်လို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အာဏာသိမ်းစစ်တပ်အစိုးရ၊ စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနရုံးချုပ်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇူလိုင်လလယ်က ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ် ထုတ်လုပ်မှုအထိ ကွင်းဆင်းတစ်လျှောက် တိုးတက်စေဖို့ ရည်ရွယ်ပြီး ဝါစိုက်မျိုးမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့ ခေါင်းစဉ်နဲ့ မကွေးမြို့မှာ ဝါလုပ်ငန်းရှင်၊ ဝါတောင်သူ၊ ဝါအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အစိုးရတို့  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။