၂၀၂၁ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ကွန်ယက်တစ်ခုက ရွှေ ၄၉၀ ပိဿာခန့်ကို ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့မှတဆင့် ရောင်းချခဝါချရန် ကြိုးပမ်းခဲ့မှုကို စုံစမ်းဖော်ထုတ် တွေ့ရှိရတယ်လို့ Justice For Myanmar က ဇူလိုင်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါရွှေခဝါချမှု အစီအစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်လည်း ပါဝင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၈ သန်းခန့် တန်ဖိုးရှိတဲ့ ရွှေ ၈၀၀ ကီလိုဂရမ် (၄၉၀ ပိဿာခန့်) ခန့်ကို တရားမဝင် ရောင်းချဖို့ ကြိုးပမ်းမှု အစီအစဉ်ဟာ မအောင်မြင်ခဲ့မှုကို တွေ့ရှိရတယ်လို့ JFM ထံမှ သိရပါတယ်။
ဒီတွေ့ရှိချက်တွေကို JFM က ရရှိထားတဲ့ စာချုပ်မူကြမ်းတွေ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှု စာလွှာတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုတွေအပေါ် အခြေခံထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကွန်ရက်ဟာ အဆိုပါရွှေတွေကို လာအိုစီးပွားရေး လုပ်ငန်းစုကြီး AIF Group လက်အောက်ခံ ကုမ္ပဏီတစ်ခုထံကို ရောင်းချဖို့နဲ့ ငွေပေးချေမှု တစ်စိတ်တစ်ပိုင်းကို အစိုးရပိုင်ဖြစ်တဲ့ BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင် မိသားစုရဲ့ အနီးကပ်မိတ်ဖက်နဲ့ စစ်လက်နက်ပွဲစားဖြစ်သူ ထွန်းမင်းလတ်က အဲဒီအချိန်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ သူရဲ့ စီးပွားရေး မိတ်ဖက် ဥပကစ်ပါချာရီယန်ကွန်းနဲ့အတူ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး စာရွက်စာတမ်းတွေမှာ အပြီးသတ်ရောင်းချသူအဖြစ် ဖော်ပြထားတဲ့ ထိုင်းကုမ္ပဏီတစ်ခုမှတဆင့် ရွှေရောင်းချရေးကို စီစဉ်ခဲ့တယ်လို့ JFM ထံမှ သိရပါတယ်။
ထွန်းမင်းလတ်နဲ့ ဥပကစ်ပါချာရီယန်ကွန်းတို့ နှစ်ဦးကြား ဆက်သွယ်ပြောဆိုမှုအရ ရွှေ ၁၂၂ ပိဿာ (၂၀၀ ကီလိုဂရမ်) ကို ရောင်းချပြီးဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုမှု ပါဝင်ပေမယ့် အမှန်တကယ် လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ခြင်း ရှိ၊ မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း JFM က ဆိုပါတယ်။
AIF Group နဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ အရောင်းအဝယ်ဟာ ငွေကြေးအာမခံချက်တွေနဲ့ လုပ်ငန်း အဆင့်ဆင် ဆောင်ရွက်မှု အစီအစဉ်တွေမှာ သဘောထား ကွဲလွဲမှုတွေကြောင့် ၂၀၂၁ နှစ်လယ်ပိုင်းမှာ ပျက်ပြယ်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစီအစဉ် မအောင်မြင်ခဲ့ပေမယ့် စစ်အုပ်စု၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့မိသားစုတွေ၊ ခရိုနီတွေထံမှ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အန္တရာယ်တွေမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ JFM က အသိပေးထုတ်ပြန်ထားပါတယ်။












































