Connect with us

Hi, what are you looking for?

သတင်း

ပုဂံနဲ့ ခေတ်ပြိုင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ ပခန်းငယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ပုဂံနဲ့ ခေတ်ပြိုင် သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုတွေ ထွန်းကားခဲ့တဲ့ မကွေးတိုင်းထဲက ပခန်းငယ် ခေါ် ပုဂံငယ်ကျေးရွာကို အာဏာသိမ်း စစ်တပ် စစ်ကြောင်းတွေက မီးတင်ရှို့ဖျက်စီးနေတယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၈ နာရီ ၁၉ မီနစ် အချိန်မှ စတင်ပြီး မကွေးတိုင်း၊ ချောက်မြို့နယ်ထဲရှိ ပခန်းငယ် ကျေးရွာထဲမှာ နေရာ ၄ နေရာကို စစ်တပ် စစ်ကြောင်းတွေက မီးရှို့နေခြင်းဖြစ်တယ်လို့ NUG အစိုးရ၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုအရ ပထမနိုင်ငံတော်လို့ တင်စားခဲ့ကြတဲ့ ပုဂံမြို့နဲ့ ခေတ်ပြိုင် ယဉ်ကျေးမျု ထွန်းကားခဲ့တဲ့ ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာမှာ လက်ရှိ ထိန်းသိမ်းထားတဲ့ ဘုရားစေတီနဲ့ ရှေးဟောင်း အဆောက်အဦးပေါင်း ၈၁ ခု ရှိတယ်လို့ ဆိုပါတယ်။

ဘုရားစေတီနဲ့ အဆောက်အဦးတွေရဲ့ အတွင်းပိုင်းလက်ရာတွေမှာ ပုဂံခေတ် ယဉ်ကျေးမှု လက်ရာတွေ တွေ့မြင်ရပြီး အပြင်ဘက်ပိုင်းမှာ ညောင်ရမ်းခေတ်၊ အင်းဝခေတ်၊ ကုန်ဘောင်ခေတ် လက်ရာတွေကို တွေ့မြင်နိုင်တယ်လို့ မကွေးပအဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါးစပ်ရာဇဝင်တွေအရ ကျန်းစစ်သားမင်းထံမှ ထွက်ပြေးလာခဲ့ရတဲ့ စောလူမင်းရဲ့ နောက်လိုက်နောက်ပါနဲ့ ဆွေမျိုးတွေဟာ ပုဂံကို လွမ်းဆွတ်ပြီး ပုဂံငယ် (ခ) ပခန်းငယ်ကနေ ပုဂံကို တိုက်ရိုက် မြင်နေရတဲ့ နေရာမှာ ပုဂံမျှော် စေတီ ၁ ဆူကိုလည်း တည်ထားကိုးကွယ်ခဲ့ကာ ထိုစေတီရဲ့ ပရဝုဏ်ကနေ ပုဂံဘက်ကို လှမ်းမျှော်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနေရာမှ ပုဂံသို့ လှမ်းမျှော်ကြည့်တဲ့အခါတိုင်း ကျန်စစ်သားမင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အကြောင်းစုံလေ့လာကြရာ ပုဂံမျှော်ဘုရားရှိနေကြောင်း သိရှိရတဲ့အတွက် ပုဂံမျှော်ဘုရားမှ ပုဂံသို့ ကြည့်ရှု မမြင်နိုင်စေရန် ရှင်ပင်ကာဆီးဘုရားကို ထပ်မံ တည်ထားခဲ့တယ်လို့ ဆိုပါတယ်။

“ထိုကဲ့သို့ ပထမ မြန်မာနိုင်ငံတော် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သည့်၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များရှိနေသည့် ပုဂံငယ် (ခ) ပခန်းငယ် ကျေးရွာအား အကြမ်းဖက် မင်းအောင်လှိုင်၏ လက်ပါးစေ စစ်တပ်မှ ရမ်းကားစွာ မီးရှို့ဖျက်ဆီးနေသည် ဖြစ်ပါသည်” လို့ မကွေး ပအဖအဖွဲ့က ဆိုပါတယ်။

ပခန်းငယ်ကျေးရွာကို စလေးမြို့အခြေစိုက် ခမရ ၄၁၆ တပ်က အင်အား ၂၀၀ ခန့်နဲ့ ဝင်ရောက်လာပြီး အဆိုပါရွာကို ၄ နေရာခွဲကာ မီးဝင်ရှို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။