Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသ၊ နန်းယွန်းမြို့မှာ ကျားထိန်းသိမ်းရေးနေ့ အခမ်းအနား ပြုလုပ်I တန်ရှန်းနာဂဒေသမှာ ကျားတွေ ရှားပါးလာနေပြီလို့ဆို

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့ အခမ်းအနားကို နာဂဒေသဇီဝမျိုးစုံံမျိုးကွဲ ထိန်းသိမ်းရေးအဖွဲ့ (Naga Biodiversity Conservation Association (N-Ca)) က ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တန်ရှန်းနာဂဒေသမှာ အရင်က ကျားတွေ ပေါများခဲ့ပေမယ့် ဒီနေ့ကာလမှာ ကျားများ ရောင်းဝယ်တဲ့ ဈေးကွက် ဖန်တီးလာမှုနဲ့အတူ စီးပွားရေးလောဘသားတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးခြင်းတွေကြောင့် ကျားတွေ မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီလို့ တန်ရှန်းနာဂစည်းလုံးညီညွတ်ရေးကောင်စီ (UTNC)ထံက သိရပါတယ်။

ကျားနဲ့ တန်ရှန်းနာဂတို့ဟာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျားကို အဘိုး၊ အဘွားအဖြစ် တင်စားခေါ်ဝေါ်ခဲ့ပြီး အပြန်အလှန်ဂရုစိုက်မှုနဲ့ လေးစားတန်ဖိုးထားမှုတို့နဲ့ ဆက်နွယ်နေထိုင်ခဲ့ကြတဲ့ ရာဇဝင်တွေ ရှိခဲ့တယ်လို့ တန်ရှန်းနာဂစည်းလုံးညီညွတ်ရေးကောင်စီ (UTNC)ရဲ့ ဥက္ကဌက မနေ့က ကျားထိန်းသိမ်းရေးနေ့အခမ်းအနားမှာ ပြောခဲ့ပါတယ်။

တန်ရှန်းနာဂနဲ့ ကျားတို့ရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေရှိ သာဓကတွေနဲ့အတူ ကျားရှိနေခြင်းဟာ နာဂလူမျိုးအတွက် ၊ နာဂလူမျိုးဖြစ်တည်ခြင်း အမှတ်သင်္ကေတတစ်ခုအဖြစ် ဆက်စပ်လျက်ရှိနေပြီး ကျားတွေကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ တစ်ဦးချင်းစီးတိုင်းမှာ တာဝန်ရှိတယ်လို့ UTNC ရဲ့ ဥက္ကဌက တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက် နန်းယွန်မြို့မခန်းမမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့ကို အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတွေ၊ တန်ရှန်နာဂစည်းလုံးညီညွတ်ရေးကောင်စီ (UTNC) နဲ့ တန်ရှန်နာဂ အမျိုးသမီးကော်မတီ၊ MMCWA အသင်း၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဆရာမ/မတွေနဲ့ ကျောင်းသူ/သားတွေ စတဲ့ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်တယ်လို့ နာဂဒေသဇီဝမျိုးစုံံမျိုးကွဲ ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရပါတယ်။

အခမ်းအနားဟာ ကျားတွေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲတွေ နဲ့ ကျန်းမာသန်စွမ်းတဲ့ ဂေဟစနစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးပုံတို့နဲ့ ပတ်သက်လို့ အသိပညာဗဟုသုတတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပြီး စာစီစာကုံး၊ ပန်းချီနဲ့ ပိုစတာပြိုင်ပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မနေ့က အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့ အခမ်းအနားကို WWF- မြန်မာနဲ့ အလှူရှင်တချို့က ကူညီပေးခဲ့တယ်လို့ သိရပါတယ်။