Connect with us

Hi, what are you looking for?

သတင်း

မုတ္တမကမ်းလွန်၊ အောင်သိင်္ခလုပ်ကွက်မှ သဘာဝဓါတ်ငွေ့ ရောင်းချဖို့ စစ်အစိုးရနဲ့ ထိုင်း PTTEP တို့ စာချုပ်ချုပ်ဆို

မုတ္တမကမ်းလွန်လုပ်ကွက် M- 3 ရှိ အောင်သိင်္ခဧရိယာမှ ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကို ပြည်တွင်းမှာသာ သုံးစွဲဖို့အတွက် စစ်တပ်စစ်အစိုးရရဲ့ MOGE နဲ့ ထိုင်း PTTEP တိုကြား သဘာဝဓါတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ကို မ‌နေ့က ချုပ်ဆိုလိုက်ပါတယ်။

ဇူလိုင်လ ၃၁ ရက်က နေပြည်တောာ်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် ၆ မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ထိုင်း PTTEP International Limited တို့အကြား ပြည်တွင်းမှာ သုံးစွဲဖို့ သဘာဝဓါတ်ငွေ့ ရောင်းချခြင်း သဘောတူစာချုပ် (DGSA) ကို စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။  

အောင်သိင်္ခသဘာဝဓါတ်ငွေ့ တူးဖော်မှု လုပ်ကွက်ဟာ ၂၀၂၈ ခုနှစ်အကုန်မှာ သဘာဝဓါတ်ငွေ့ စတင်ထုတ်လုပ်နိုင်မယ်လို့ စစ်တပ်အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဓါတ်ငွေ့ကို ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး ဓါတ်မြေဩဇာ ထုတ်လုပ်တဲ့ စက်ရုံတွေအတွက် လိုအပ်မယ့် သဘာဝဓါတ်ငွေ့ကိုလည်း ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ်မှာ M – 3 အောင်သိင်္ခစီမံကိန်းကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို စစ်တပ်အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး အပါအဝင် အကြီးတန်းအရာရှိတွေ တက်ရောက်ပြီး PPEP မှ ဒုတိယအမှုဆောင်အရာရှိချုပ်၊ အထွေထွေမန်နေဂျာ ဖြစ်သူတို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။