ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့အနီးမှာ အကျယ် ပေ ၁၇၀ ခန့်ရှိတဲ့ ငဝန်မြစ်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှ ဒေသခံပြည်သူထောင်ချီဟာ ရေဘေးဒဏ် သင့်နေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ မှာ ဇူလိုင်လ ၃၀ ရက်က တာကျိုးကျမှု စတင်ဖြစ်ပွားခဲ့ရာမှာ အကျယ်ပေ ၁၇၀ ခန့်ရှိ ကျိုးပေါက်မှု ကြီးမားခဲ့ပြီး လက်ရှိမှာ ၄ ရက်တာ ကာလအထိ တာပိတ်ဆို့နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တာကျိုးမှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု နဲ့ ကျေးရွာ ၉ ရွာရှိ အိမ်ခြေ ၁၇၃၄ လုံးတို့ ရေနစ်မြုပ်မှုကို တွေ့ကြုံနေရပြီး အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၀၀ ကျော်တို့ဟာ ရေကြီးရေလျှံမှု ဒဏ် ခံစားနေရတယ်လို့ သိရပါတယ်။
တာကျိုးမှုကို ပိတ်ဆို့နိုင်ရေးအတွက် ရေဝင်ပေါက် အလယ်ရေစီးကြောင်း အနက် ၂၀ ပေးကို အလျား ၅၅ ပေရှိတဲ့ စက်လှေအဟောင်း ၃ စီးအား သဲဖြည့်ရေမြှုပ်ပြီး ရေစီးကြောင်း ရေရှိန်လျှော့ချ တားဆီးနိုင်ရေး၊ Geo Bag အိတ်တွေ၊ သဲအိတ်တွေနဲ့ ရေချပိတ်ဆိုရေး လုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ စစ်တပ်အစိုးရရဲ့ ဧရာဝတီတိုင်းဒေသအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဟာ အကျယ်ပေ ၂၀၀ ခန့် ရှိနေပြီး လေးမျက်နှာမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ၂ သောင်းနီးပါးဟာ ရေဘေးသင့်နေသလို အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ စက်သုံးဆီ၊ သောက်သုံးရေးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကလည်း ပြောဆိုထားပါတယ်။
ရေကာတာ ကျိုးပေါက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးမြေနဲ့ လယ်ဧက အများအပြားလည်း ပျက်စီးမှုတွေ ရှိနေပြီး အရေအတွက်အတိအကျကို မသိရှိရသေးကြောင်း သိရပါတယ်။












































