Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒလိုင်းလားမားရဲ့ နောက်ဆုံးတော်လှန်တိုက်ပွဲ (အပိုင်း – ၁ )

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက အိန္ဒိယနိုင်ငံ၊ နယူးဒေသလီမြို့ရှိ အပိုလိုဆေးရုံရဲ့ ခွဲစိတ်ခန်းထဲကို ၁၄ ပါးမြောက် ဒလိုင်းလားမားဘုန်းတော်ကြီးဖြစ်တဲ့ သန်ဇင်ဂရက်ဆို (Tenzin Gyatso) ဟာ ဝှီးချဲ့အကူအညီနဲ့ ဝင်ရောက်လာပါတယ်။

ဒလိုင်းလားမားဘုန်းတော်ကြီးဟာ ဝိညာဉ်ရေးရာအရ လူသားတွေကို ကူညီဖို့ နိဗ္ဗာန်ကို စွန့်လွတ်ခဲ့တဲ့ စာနာထောင်ထားခြင်းဆိုင်ရာ ဗောဓိသတ် (bodhisattva Chenrezig) ရဲ့ ကိုယ်ပွား (လူဝင်စား) ဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင် ၆ ရက်က သက်တော် ၉၁ နှစ်ပြည့်ခဲ့တဲ့ ဒလိုင်းလားမားဟာ သူ့ရဲ့ ရုပ်ခန္ဓာမှာ ဆေးကုသဖို့ လိုအပ်နေပြီးဖြစ်ရာ အခုတစ်ကြိမ်မှာ ဘယ်ဘက်ဒူးဆစ်နေရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။

လက်ရှိမှာ ဒလိုင်းလားမားက ပြန်လည်ကျန်းမာပြီဖြစ်ပေမယ့် နေ့ရပ်စွ့န်ခွာပြည်ပရောက် တိဗက်လူမျိုးတွေအတွက် သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာနေပါတယ်။ ဒီကနေ့ ဒလိုင်းလားမားဟာ အိုမင်းလာနေပြီး သူပျံလွန်တော်မှုချိန်မှာ ဖြစ်လာမယ့် “ဒလိုင်းလားမားမျိုးဆက်” တိုက်ပွဲကလည်း စတင်နေပါပြီ။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ ဘုရားသခင် တည်ရှိခြင်း၊ တမလွန်ဘဝနဲ့ မသေနိုင်တဲ့ ဝိဉာဉ်ရှိခြင်းတို့ကို ယုံကြည်မှု မရှိကြောင်း တရားဝင် ငြင်းပယ်ထားပါတယ်။ ၁၉၅၄ ခုနှစ် အရင်အချိန်ခါက မော်စီတုံက “ဘာသာရေးဟာ အဆိပ်ဖြစ်တယ်” လို့ ဒလိုင်းလားမား ဘုန်းတော်ကြီးကို တီးတိုးပြောခဲ့ဖူးပါတယ်။

မော်စီတုံကပင် “တရုတ်မှာ အရင်းရှင်လူတန်းစားနဲ့ အရင်းရှင်စနစ်ကို အမြစ်ဖြတ်ပစ်မယ်” လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိတရုတ်နိုင်ငံဟာ သမိုင်းတလျှောက်မှာ ဘယ်နိုင်ငံထက်မဆို ဘီလီယံနာတွေ ပိုများပြားနေသလို ကုန်ပစ္စည်းတွေလည်း ပိုမိုတင်ပို့ရောင်းချနေပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ အရင်းရှင်စနစ် အပြောင်းအလဲလိုပဲ ဘာသာရေးအပေါ်မှာလည်း အလွယ်တကူ ပုံသွင်းဖန်တီးနိုင်မှုအဖြစ် သီရိလင်္ကာမှ နီပေါအထိ ဗုဒ္ဓစေတီ၊ ပုထိုးတွေ ပြုပြင်ဖို့ ဒေါ်လာဘီလီယံချီ သုံးစွဲပြီး ပြုလုပ်လာနေပါတယ်။

အခုအခါ တရားဝင် ဘုရားမဲ့ဝါဒီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်ကိုးကွယ်မှုဘာသာအပေါ် ထိန်းချုပ်နိုင်ရေးကို ပေါ်ပေါ်ထင်ထင် ပြင်ဆင်နေပြီး လက်ရှိ ဒလိုင်းလားမား ပျံလွန်တော်မှုတဲ့အခါ ဒလိုင်းလားမား မျိုးဆက် သို့မဟုတ် ဝင်စားခြင်းဟာ “ဗဟိုအစိုးရရဲ့ အတည်ပြုချက် ယူရမယ်”လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင်လက ထပ်လောင်းပြောပါတယ်။

အဲဒီအတွက် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဒလိုင်းလားမားက တီဗက်ကလေးငယ်တစ်ဦးကို တိဗက်ဗုဒ္ဓဘာသာရဲ့ ဒုတိယအမြင့်ဆုံးရာထူးဖြစ်တဲ့ ပန်ချန်းလားမား လူဝင်စားအဖြစ် သတ်မှတ်ခဲ့စဉ်က တရုတ်ကွန်မြူနစ်အစိုးရဟာ အဲဒီကလေးငယ်ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ ထောက်ခံတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

ဒလိုင်းလားမား ရွေးချယ်ခဲ့တဲ့ လူဝင်စား (သို့မဟုတ်) မျိုးဆက်ခံမယ့် ကလေးငယ်မှာ ဘယ်ဆီဘယ်ဝယ် ရောက်ရှိနေမှုကို မသိရတော့ပေ၊၊ အဲဒီပျောက်ဆုံးမှုက တရုတ်ဟာ ချမ်းသာကြွယ်ဝမှုနဲ့ နည်းပညာ တိုးတက်မှုတွေ ရှိနေပေမယ့် တိဗက်ဒေသနဲ့ တိဗက်လူထုအပေါ် သိမ်းပိုက်ထိန်းချုပ်မှုမှာ စိုးရိမ်းပူပန်းမှုတွေ ကြီးမားနေဆဲကို ဖော်ပြနေပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေဟာ ထိုစိုးရိမ်ပူပန်မှုကို လျော့ချနိုင်ရေးအတွက် သံတမန်ရေးရာ ဖိအားပေးမှုတွေကိုလည်း ပြုလုပ်နေပါတယ်။

မကြာမီ ဒလိုင်းလားမား ၂ ပါး ပေါ်ပေါက်လာမယ့် အလားအလာရှိနေပါတယ်။ တစ်ပါးမှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အသိအမှတ်ပြုသူဖြစ်ပြီး နောက်တစ်ပါးမှာ ဒလိုင်းလားမား ဘုန်းတော်ကြီးရုံးက အသိအမှတ်ပြုထားသူ ဖြစ်ပါတယ်။

ဒလိုင်းလားမားဘုန်တော်ကြီးက ပန်ချန်းလားမားရဲ့ ကံကြမ္မာအရ သူဟာ “လွတ်လပ်တဲ့” နိုင်ငံတစ်ခုမှာ ပြန်လည်မွေးဖွားမှာဖြစ်ပြီး သူ့အရိုင်အရာ ဆက်ခံမှုမှာ ထုံးတမ်းစဉ်လာကို ချိုးဖျက်ပြီး အမျိုးသမီးပင်ဖြစ်နိုင်တယ်လို့ မိန့်ကြားပါတယ်။ တရုတ်အစိုးရကမူ ချင်းမင်းဆက်နန်းတော်က တိဗက်ကို လက်ဆောင်ပေးခဲ့ဖူးတဲ့ ရွှေအိုးအတွင်း တရုတ်အစိုးရက ခွင့်ပြုထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ထည့်သွင်းပြီး အမည်တစ်ခုကို မဲနှိုက်ကာ စစ်မှန်တဲ့ လူဝင်စား သို့မဟုတ် ဒလိုင်းလားမားမျိုးဆက်သစ်ကို သတ်မှတ်ရမယ်လို့ အခိုင်အမာ ပြောပါတယ်။

“ဒါက လုံးဝကို အရှက်မဲ့တဲ့ လုပ်ရပ်ပါ” လို့ ဒေရှီလာဒေါ (Geshe Lhador) က ပြောပါတယ်။ ဒေရှီလာဒေါဟာ ဒလိုင်းလားမားဘုန်းတော်ကြီးရဲ့ ဘာသာပြန်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ တိဗက်ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

“တဖက်မှာ ဗုဒ္ဓဘာသာအလေ့အထ၊ ထုံတမ်း အားလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေပြီး နောက်တစ်ဖက်မှာ လူဝင်စားကို ရွေးချယ်ချင်နေတာဟာ ရယ်မောစရာပဲ” လို့ သူက ပြောပါတယ်။

ဘေဂျင်အစိုးရက တိဗက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆိုထားပါတယ်။ တရုတ်နိုင်ငံထဲက တိဗက်လူမျိုး ၇ သန်းရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားကြောင်း အခိုင်အမာပြောပါတယ်။ အရင်က ခေတ်နောက်ကျ ကျန်ပြီး ဆင်းရဲမွဲတေခဲ့တဲ့ ဒေသမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် လူနေမှုအဆင့်အတန်း ဘယ်လိုမြင့်မားလာပုံကိုပဲ ဘေဂျင်အစိုးရက မီးမောင်းထိုးပြကာ တုန်ပြန်လေ့ရှိပါတယ်။

ဒါပေမယ့် တိဗက်ဒေသဟာ စနစ်တကျ စောင့်ကြည့်ခံနေရပြီး ဖိနှိပ်ခံထားရတယ်လို့ အရပ်ဖက်အဖွဲ့တွေနဲ့ ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြည်ပရောက်နေတဲ့ တိဗက်လူမျိုး ၁၄၀,၀၀၀ ကျော်အတွက်မူ ဒလိုင်းလားမား ပျံလွန်တော်မူပါက တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး မျှော်လင့်ချက်ကို ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်လာမှာ စိုးရိမ်နေပါတယ်။

“ဒလိုင်းလားမား ဆက်ဆံမယ့်သူအရေးကို လုံးဝ မပြောသင့်ဘူးလို့ အချို့လူတွေက ယုံကြည်ပေမယ့် တရုတ်အစိုးရကတော့ အဲဒီအတွက် စီစဉ်နေပြီးသားပါ” လို့ တိဗက်ပြည်ပရောက်အစိုးရ (CTA) ရဲ့ ဝန်ကြီးချုပ် ပန်ပါဆီရင် (Penpa Tsering) က ပြောပါတယ်။

“ဒလိုင်းလားမား နှစ်ပါးရှိလာမယ်ဆိုရင် အဲဒါက တစ်သက်စာ ခေါင်းခဲစရာ ဖြစ်လာမှာပါ။ အဲဒီလိုနဲ့ တရုတ်အစိုးရကလည်း တစ်သက်စာ ခေါင်းခဲစရာကို လိုချင်တာလား” လို့ သူက ဆက်ပြောပါတယ်။

ဘေးဂျင်အစိုးရရဲ့ တွက်ချက်မှုမှာ တိဗက်ပြဿနာကို အဆုံးသတ်ရန်အတွက် စိတ်မချမ်းမြေ့စရာတွေ ရှိလာနိုင်ပေမယ့် လုပ်သင့်တာကို လုပ်မယ်လို့ ယူဆထားခြင်းဖြစ်ပါတယ်။ အကြောင်းမှာ ဒီယုံကြည်ကိုးကွယ်မှုနဲ့ ဒလိုင်းလားမား ဆက်ခံမှုက ဘာသာရေးဆိုင်ရာ အခမ်းအနားတစ်ခုမျှသာ မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်း လူဦးရေ သန်း ၅၀၀ နီးပါး ကိုးကွယ်တဲ့ ဘာသာတရားအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းမှုမှာ အရေးပါတဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။

ဒလိုင်းလားမားဘုန်းတော်ကြီးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပွင့်လင်းစွာ ရပ်တည်ပြောဆိုသူ ဖြစ်ပြီး အခုအခါ ထိုကိုယ်ကျင့်တရားဆိုင်ရာ ဩဇာညောင်းခြင်းကို အာဏာရှင် စူပါပါဝါ တရုတ်နိုင်ငံက သိမ်းပိုက်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။

“ဒါက ဆက်ခံမယ့် သူအရေးကိစ္စ မေးခွန်းတစ်ခုသက်သက် မဟုတ်ပါဘူး။ ဒါဟာ တိဗက်ပြည်ပရောက် တိဗက်အရေးလှုပ်ရှားမှုဟာ ထိရောက်အားကောင်းတဲ့ လှုပ်ရှားမှုအဖြစ် ဆက်လက်တည်ရှိနိုင်ဦးမလားဆိုတဲ့ မေးခွန်းပါ” လို့ ကိုလံဘီယာတက္ကသိုလ်၊ ခေတ်သစ်တိဗက်လေ့လာရေး အစီအစဉ်ကို တည်ထောင်သူ ရောဘတ်ဘားနက် က ပြောပါတယ်။

ပြည်ပရောက် တိဗက်လူမျိုးတွေကို တပေါင်းတည်း စုစည်းထားနိုင်တဲ့ ဒလိုင်းလားမားဘုန်းတော်ကြီးဟာ အလယ်အလတ်လမ်းစဉ် (Middle- way approach) ကို ကာလရှည်ကြာစွာ စွဲကိုင်ရပ်တည်ထားသူဖြစ်ပါတယ်။ လုံးဝ လွတ်လပ်ရေး ရယူတာထက် တရုတ်နိုင်ငံရဲ့ လက်အောက်မှာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိရေးဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ဒလိုင်းလားမား မရှိတော့ချိန် ခေါင်းဆောင်ပိုင်း လစ်ဟင်းသွားနိုင်မှုက တိဗက်လှုပ်ရှားမှုကို ပြိုကွဲစေနိုင်ပြီး လုံးဝလွတ်လပ်ရေးအတွက် အကြမ်းဖက်နည်းလမ်းနဲ့ပင် လှုပ်ရှားတောင်းဆိုလိုတဲ့ ပိုမိုပြင်းထန်တဲ့ လူငယ်အုပ်စုတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။

၂၀၀၉ ခုနှစ်စတင်ကာ တိဗက်မှာ မိမိကိုယ်ကို မီးရှို့ဆန္ဒပြ လှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၉ ဦးထက်မနည်းက တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြရင်း မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ခဲ့ကြပါတယ်။ အဲဒီသေဆုံးမှုစာရင်းမှာ လူငယ်တွေက အများဆုံးပါဝင်နေပါတယ်။

ဒလိုင်းလားမားဘုန်းတော်ကြီးဟာ မိမိကိုယ်ကို သတ်သေခြင်းအပါအဝင် အကြမ်းဖက်မှုတွေကို ဘယ်အခါမှ ထောက်ခံခြင်း မရှိသော်လည်း ကျန်ရစ်သူ မိသားစုဝင်တွေ စိတ်မကောင်းမှာ မြင်မိတဲ့အတွက် ကန့်ကွက် ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပါ။ ဒီလို မလုပ်ခဲ့ခြင်းကြောင့် ဘေဂျင်အစိုးရက “သင်္ကန်းခြုံထားတဲ့ ဝံပုလွေ”လို့ စွပ်စွဲမှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

တရုတ်နိုင်ငံ ပြင်ပမှာတော့ အဲလိုသတ်မှတ်ယူဆသူ အနည်းငယ်သာ ရှိပါတယ်။

– အပိုင်း ၂ ကို စောင့်မျှော်ပါရန်။

ကိုးကား – ဇူလိုင်လက Time မဂ္ဂဇင်းမှာ Charlie Campbell ရေးသားတဲ့ His Last stand : China Is Already Trying to Control Who the Next Dalai Lama Will Be ကို စီလျော်အောင် ဘာသာပြန်ဆိုပါတယ်။