Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနဲ့ မြန်မာ နယ်စပ်ဖြတ်ကျော် မြစ်ရေအရည်အသွေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ လက်မှတ်ရေးထိုး

အာဏာသိမ်းစစ်တပ်အစိုးရနဲ့ ထိုင်းအစိုးရတို့ကြား နယ်နိမိတ်နဲ့ နယ်စပ်ဖြတ်ကျော် မြစ်တွေရဲ့ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့နဲ့ လုပ်ငန်းလမ်းညွှန် (TOR) တို့ကို သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၆ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ အဲဒီလို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မြစ်ချောင်းတွေရဲ့ ရေအရင်းအမြစ်တွေနဲ့ မြစ်ရေညစ်ညမ်းမှုတို့ကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တရားဝင် ယန္တရားတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သဘောတူညီချက်ထဲမှာ ရေအရည်အသွေးကို ပူးတွဲ စောင့်ကြည့်စစ်ဆေးခြင်း၊ အချက်အလက်မျှဝေခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ပံ့ပိုးကူညီပေးမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေကို ကာကွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မယ့် အစီအမံတွေကို မြှင့်တင်ပေးမယ်လို့ ထိုင်းသတင်းဌာနတချို့မှာ ရေးသားထားပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ သုံးနှစ် သက်တမ်းရှိပြီး ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအဆင့်နဲ့ ဦးစီးဌာနအဆင့် ပူးတွဲလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်း တည်ထောင်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာဌာနတွေ ရေအရည်အသွေး စီမံခန့်ခွဲမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို ဆောလျင်စွာနဲ့ နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်တပ်အစိုးရရဲ့ ပြန်ကြားရေးကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။

ထိုင်း- မြန်မာတို့ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးစနစ်နဲ့ လေ့ကျင့်သင်တန်းတွေ တိုးတက်စေမှတစ်ဆင့် တောမီးလောင်ကျွမ်းမှု တာဆီးကာကွယ်ရေးလုပ်ငန်းမှာ ဆက်လက် ပူပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။