Connect with us

Hi, what are you looking for?

သတင်း

မြို့နယ်ပေါင်း ၂၀ မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၄ သိန်းခွဲကျော် ရေဘေးသင့်နေ

စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းဒေသထဲက မြို့နယ်ပေါင်း ၂၀ မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၄ သိန်းခွဲကျော် ရေဘေးဒဏ် အပြင်းအထန် ခံစားနေရသလို စစ်ကိုင်းယူနစ်အတွင်း သေဆုံးသူ ၂၃ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦးအထိ ရှိလာနေတယ်လို့ သိရပါတယ်

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေစဉ် ရက်ဆက် မိုးသည်ထန်စွာ ရွာသွန်းခြင်းနဲ့ ဆည်ရေတွေ ဖောက်ထုတ်ခြင်းတို့ကြောင့် အခုလို မြို့နယ်ပေါင်း ၂၀ မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ရခြင်းဖြစ်တယ်လို့ NUG အစိုးရက ဒီနေ့ ဩဂုတ်လ ၁၁ ရက်မှာ ကြေညာပါတယ်။

ဒီနေ့အထိ အလျင်အမြန် စစ်တမ်းကောက်ယူမှု စာရင်းအရ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မြို့နယ်ပေါင်း ၁၂ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ကလေးနဲ့ မြောက်မြို့နယ်က ကျေးရွာတချို့မှာလည်း ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ NUG အစိုးရထံမှ သိရပါတယ်။

စစ်ကိုင်ယူနစ်အတွင်း ကောလင်းမှာ ၆၆ ၉၈၉ ဦး၊ ခင်ဦးမှာ ၃၃ ၉၄၀ ဦး၊ ဒီပဲယင်းမှာ ၂၅ ၆၂၄ ဦး၊ ကန့်ဘလူမှာ ၂၅ ၆၁၈ ဦး၊ ရွှေဘိုမှာ ၂၄ ၁၉၂ ဦး၊ ဝက်လက်မှာ ၂၂၀ ၄၃ ဦး၊ တန့်ဆည်မှာ ၈၀၀၀ ဦး၊ မြင်းမူမှာ ၇၆၈၀ ဦး၊ အရာတော်မှာ ၆၂၄၂ ဦး၊ ရေဦးမှာ ၆၀၇၁ ဦး၊ စစ်ကိုင်းမှာ ၅၅၀ ဦး၊ ဗန်းမောက်မှာ ၄၅ ဦး စတဲ့ ဒေသခံပြည်သူတွေဟာ ရေဘေးဒဏ်ခံစားနေရတယ်လို့ သိရပါတယ်။

မြို့နယ်အလိုက် သေဆုံးသူတွေမှာ ကျွန်းလှမှာ ၈ ဦး၊ ဒီပဲယင်းမှာ ၇ ဦး၊ ကောလင်းမှာ ၃ ဦး၊ ရွှေဘို၊ ကန့်ဘလူနဲ့ ခင်ဦးတို့မှာ ၁ ဦးစီနဲ့ ကောလင်းမှာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မန္တလေးဖက်ဒရယ်ယူနစ်ထဲမှာ မတ္တရာ၊ ငါးဇွန်၊ တောင်သာတို့မှာ ဒေသခံပြည်သူ တစ်သိန်းရှစ်သောင်းကျော် ရေဘေးဒဏ် သင့်နေပြီး မတ္တရာမြို့နယ်မှာ ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၁၃၀ ခန့်ဟာ ရေဘေးသင့်နေတဲ့အတွက် အရေးပေါ်အကူအညီ အလိုအပ်ဆုံး မြို့နယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံနဲ့ ညောင်ဦးမြို့ရှိ ရေနိမ့်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာအချို့မှာလည်း ရေဝင်ရောက်လာနေပြီး ရေဘေးသင့် ပြည်သူတွေအပေါ် အရေးပေါ် ရွှေ့ပြောင်းခြင်းနဲ့ ယာယီနေရာချထားခြင်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လာမယ့် ဩဂုတ်လ ၁၃ ရက်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ထိုင်းမှ မုတ်သုံအားမြှောင်တန်းဟာ မြန်မာသို့ ရွေ့လျားမှာဖြစ်ရာ အနောက်တောင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနိုင်တယ်လို့ NUG အစိုးရက သတိပေးပါတယ်။

မိုးသည်းထန်စွာရွာသွန်းပါက သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ သူတို့ရဲ့ မြစ်လက်တက်တွေဟာ ရေထပ်မံ တိုးလာနိုင်ပြီး ဆည်တာတမံတွေမှ ရေထုတ်လွှတ်ခြင်းကြောင့် ရေလွှမ်းမိုးမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ခြေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်း ဒေသတွေရှိ မြို့နယ်တွေနဲ့ ကျေးရွာတွေအနေနဲ့ မိုးလေဝသအခြေအနေတွေကို အထူးသတိပြု နေထိုင်ကြဖို့နဲ့ လိုအပ်အပ်ပါက ကြိုတင် ရွှေ့ပြောင်းနေထိုင်ကြဖို့ NUG အစိုးရက အကြံပြုထားပါတယ်။