Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦး ရှေးဟောင်းအမွေအနှစ် လက်ဆည်ကန်နဲ့ အနူမကန်နယ်မြေ ထိန်းသိမ်းရေး စည်းကမ်းတွေ အာရက္ခအစိုးရ ထုတ်ပြန်

အာရက္ခပြည်၊ မြောက်ဦးမြို့၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြထဲရှိ လက်ဆည်ကန်နဲ့ အနူမကန် ဧရိယာကို ထိန်းသိမ်းနိုင်ရေးအတွက် လူနဲ့ တိရိစ္ဆာန် အဝင်အထွက် ပြုလုပ်မှုတွေကို ULA/ AA ရဲ့ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရက တားမြစ်ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါရေကန်နဲ့ တံတိုင်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အသုံးပြုဖို့ တည်ဆောက်ထားတဲ့ ရင်တားပါ တံတိုင်းနဲ့ ကန်နယ်မြေတွေ ဖြစ်တယ်လို့ အာရက္ခအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတံတိုင်းဟာ နှစ်ကြာလာပြီဖြစ်တဲ့အတွက် ဟောင်းနွမ်းနေပြီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာနေပြီဖြစ်တာကြောင့် ရှေးဟောင်းတံတိုင်းပေါ်ကို လူ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေ လုံးဝ တက်ခွင့်မရှိကြောင်း အသိပေးထားပါတယ်။

လက်ဆည်ကန်နဲ့ အနူမကန်ထဲမှာ ရေမချိုးရ၊ ဝိုင်းဖွဲ့စားသောက်ခြင်း၊ အဝတ်လျှော်ခြင်း၊ အညစ်အကြေး စွန့်ခြင်းတွေ မပြုလုပ်ဖို့ တားမြစ်လိုက်သလို ကန်ထဲကို လောင်းလှေတွေနဲ့ ငါးဖမ်းခြင်း၊ ရေကူးခြင်း၊ ဟင်းရှာခြင်းတွေ မပြုလုပ်ဖို့နဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို လွှတ်ကျောင်းခြင်းတွေ လုံးဝ ခွင့်မပြုတော့ကြောင်း ကြေညာပါတယ်။

သတ်မှတ်ထားတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သမိုင်းရဲ့ အထင်ကရ၊ အာရက္ခတို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဇုန်ကို သန့်ရှင်းသပ်ရပ်စွာနဲ့ ရေရှည်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ ကမ္ဘာ့အမွေအနှစ်၊ အာရက္ခ အမွေအနှစ်အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေလ ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။