Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်းကို ထောက်ခံရန် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်အုပ်စုရဲ့ ဒေသခံကော်မတီ စည်းရုံး

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်လို့ ကချင်ပြည်နယ်လွှတ်တော်ရုံးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို စည်းရုံးသိမ်းသွင်းနိုင်ရေးအတွက် မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်တွေက ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၂ ရက် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လွှတ်တော်ရုံးမှာ ဧရာဝတီ- မြစ်ဆုံမြစ်ညာ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်တွေနဲ့ စပ်လျဉ်းပြီး အာဏာသိမ်း စစ်တပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဆိုပါဒေသခံ ကော်မတီအဖွဲ့ဝင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဒေသခံကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတိန့်ဆောင်က ဒေသခံကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေ ပြောခဲ့ပြီး မြစ်ဆုံစီမံကိန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒေသခံကော်မတီအဖွဲ့ဝင် ကချင်ပြည်နယ်စစ်အစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက မြေငလျင်နဲ့ ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်တွေကို ရှင်းလင်းတယ်လို့ သိရပါတယ်။

ဒေသခံကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းလှိုင်က အင်ဂျင်နီယာ နည်းပညာဆိုင်ရာ တွေ့ရှိချက်အပေါ် အားသာချက်တွေ၊ ဦးဂျန်ခုန် (ခ) နော်ခုန်က ဒေသခံလူထု တွေ့ဆုံဆွေးနွေးပွဲတွေမှာ မေးမြန်းဆွေးနွေးမှု အများဆုံးနဲ့ စိုးရိမ်ပူပန်တဲ့ အချက်တွေ၊ ဦးမုန်ရိန်လက လျှပ်စစ်ရရှိမှုနဲ့ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းဆိုင်ရာတွေ၊ ဦးနော်ထွဲက တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တွေ့ရှိချက်တွေကို ပြည်နယ်လွှတ်တော်ကိုယ်စားတွေကို တင်ပြစည်းရုံးခဲ့တယ်လို့ သိရပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို စည်းရုံးလှုံ့ဆော်နိုင်ရေး အခမ်းအနားကို ကချင်ပြည်နယ် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ဝန်ကြီးတွေ၊ အတုအယောင်ရွေးကောက်ပွဲမှ တက်လာသော ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။