ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ဒေသတွေမှာ ဆိုလာစနစ် အသုံးပြုပါက တစ်နှစ်ကို အခွန်ငွေ တရုတ်ယွမ် ၇၀၀ (မြန်မာကျပ်ငွေ ၄ သိန်းခွဲခန့်)ကို ပေးဆောင်ရမယ်လို့ ဩဂုတ်လ ၁၂ ရက်မှာ ကိုးကန့်တပ်က ကြေညာပါတယ်။
ကြေညာတဲ့ နေ့ရက်မှစတင်ပြီး မြို့ပြလျှပ်စစ်ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုမယ့် ဆိုလာစနစ်တွေအတွက် အထူးဒေသ ၁ ရေနဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီထံ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမှာဖြစ်ပြီး စစ်ဆေး ခွင့်ပြုမှသာ တပ်ဆင်ခွင့်ပြုမယ်လို့ သိရပါတယ်။
“ကွန်ရက်နှင့်ချိတ်ဆက်အသုံးပြုပါက လျှပ်စစ်ဓာတ်အား တည်ငြိမ်စေရေးအတွက် စီမံခန့်ခွဲမှု၊ ကွင်းဆင်းစစ်ဆေးမှုနှင့် ထိန်းသိမ်းပြုပြင်မှု စရိတ်များအတွက် ဆိုလာစွမ်းအား (၁) ကီလိုဝပ် (1 kW) လျှင် တရုတ်ယွမ်ငွေ (၇၀၀) နှုန်းဖြင့် တစ်ကြိမ်တည်း ပေးသွင်းရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်” လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆိုလာစနစ်တပ်ဆင်အသုံးပြု အားလုံးဟာ အဆိုပါကုမ္ပဏီထံ ကိုယ်ရေးအချက်အလက်နဲ့ စက်ကိရိယာ အသေးစိတ်ကို မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆိုလာစနစ်တွေ အသုံးပြုခြင်းကို လုံးဝတားမြစ်ထားတယ်လို့ သိရပါတယ်။
ဆိုလာစနစ်ကို မြို့ပြလျှပ်စစ်ဓါတ်အားပေး ကွန်ရက်နဲ့ တိုက်ရိုက်ချိတ်ဆက်ခြင်း၊ ဓါတ်အား နောက်ပြန် စီးဝင်စေခြင်းတို့ကို တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက လျှပ်စစ်တန်ဖိုးရဲ့ ၅ ဆမှ ၁၀ ဆအထိ ဒဏ်ရိုက်အရေးယူခံရမှာ ဖြစ်သလို လျှပ်စစ်မီးလောင်ကျွမ်းခြင်း၊ ပျက်စီးဆုံးရှုံးတွေ ဖြစ်ပေါ်ပါကလည်း လျော်ကြေးပေးဆောင်ရမယ်လို့ ဆိုပါတယ်။
သိန္ဒီမြို့လယ်ဒေသ၊ နမ့်ဖတ်ကာဒေသ၊ ဟိုပိတ်ဒေသ၊ ကွက်ခိုင်မြို့လယ်ဒေသ၊ တာမိုးညဲဒေသတို့မှာ ၁ ကီလိုဝပ်နာရီကို အိမ်သုံးမီးအတွက် ၄၀၀ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးအတွက် ၇၀၀ ကျပ်၊ စက်မှုလုပ်ငန်းသုံးအတွက် ၆၅၀ မှ ၇၀၀ ကျပ်၊ လက်လီရောင်းချမှုနဲ့ အခြားအထူးသုံးအတွက် သီးခြားသတ်မှတ်ဈေးနှုန်း ပေးရမယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – လောက်ကိုင်မြို့မှာ ဆိုလာမီးတွေ တပ်ဆင်နေစဉ် / The KoKang












































