Connect with us

Hi, what are you looking for?

သတင်း

မြန်မာကို ယူရို ၁၀ သန်းကျော် ထပ်မံတိုးမြှင့်ပေးမယ်လို့ အီးယူ ကြေညာ

မြန်မာနိုင်ငံတဝန်းက စစ်ပွဲပဋိပက္ခနဲ့ သဘာဝဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့နိုင်ရေးအတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၀. ၅ သန်း ထပ်မံတိုးမြှင့်ပေးအပ်မယ်လို့ ကြေညာပါတယ်။

နိုင်ငံရဲ့ ဒေသအများအပြားမှာ မကြာသေးမီက ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေ အပါအဝင် ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေရမှုနဲ့ သဘာဝဘေးဒဏ် ထိခိုက်ခံစားနေရသူတွေကို ဥရောပသမဂ္ဂ (EU) က ထောက်ပံ့ကူညီသွားမယ်လို့ ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါအကူအညီတွေဟာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ ရိက္ခာ၊ ကာကွယ်စောင့်ရှောက်ရေး၊ ယာယီခိုလှုံစခန်း၊ ရေနဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ ပါဝင်မယ်လို့ ထုတ်ပြန်ပြီး အကူအညီတွေကို ဘယ်လိုလမ်းကြောင်းကနေ ပေးအပ်သွားမယ်ဆိုတာ အသေးစိတ် ပြောထားတာ မတွေ့ရပါ။

၂၀၂၆ ခုနှစ်အတွင်း EU ဟာ မြန်မာအတွက် လူစားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှု စုစုပေါင်း ယူရို ၄၉. ၁ သန်းအထိ ရှိလာပြီလို့ သိရပါတယ်။

မြန်မာမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး စစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့ EU က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း ၅ နှစ်တာအတွင်း မြန်မာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအခြေအနေမှာ လုံးဝဆိုးရွားစွာ ပြောင်းလဲသွားတယ်လို့ ကြိုတင်ပြင်ဆင်ရေးနဲ့ ဘေးဒုက္ခစီမံခန့်ခွဲရေးဆိုင်ရာ မဟာမင်းကြီး Hadja Lahbib က ပြောပါတယ်။

“အရင်က လူဦးရေ ၁ သန်းခန့်ကိုသာ သက်ရောက်မှု ရှိခဲ့တဲ့ အကျပ်အတည်းတစ်ခုဟာ အခုအခါမှာ ကမ္ဘာအကြီးမားဆုံး လူသားချင်စာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေထဲက တစ်ခုအဖြစ်၊ ကူညီထောက်ပံ့မှု လိုအပ်နေသူတွေ ၁၆. ၂ သန်းအထိ ရှိလာနေတယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ အသက်ဘေးအန္တရာယ်ကို နေ့စဉ်နဲ့အမျှ ကြောက်ရွံ့စိတ်တွေနဲ့ နေထိုင်နေရပြီး၊ အရှိန်အဟုန်နဲ့ ပျက်စီးလာနေတဲ့ စီးပွားရေး၊ ပြိုလဲလာနေတဲ့ ကျန်းမာရေးစနစ်နဲ့ ကမ္ဘာ့အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် ပြိုလဲလုနီးပါး ဖြစ်နေတယ်လို့ EU က ကြေညာပါတယ်။