မြန်မာ အပါအဝင် ၅ နိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဖက်အဖွဲ့အစည်းတွေကို ၂၀၂၆ မှ၂၀၃၀ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ထောက်ပံ့ကူညီမယ့် Critical Ecosystem Partnership Fund – CEPF ရဲ့ စီမံကိန်းအဆိုပါပြုလွှာတွေကို ထပ်မံခေါ်ယူတော့မယ်လို့ သိရပါတယ်။
CEPF နဲ့ ဒေသတွင်း အကောင်အထည်ဖော်ရေးအဖွဲ့အဖြစ် တာဝန်ယူထားတဲ့ IUCN – အာရှအဖွဲ့တို့ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း နောက်ထပ်စီမံကိန်း အဆိုပြုလွှာတွေကို ခေါ်ယူမှာဖြစ်တယ်လို့ အရေးပါသော ဂေဟစနစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့ (CEPF) က ဩဂုတ်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပြုလွှာတွေကို အဓိက ဦးစားပေး မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ဖြေရှင်းခြင်း၊ ရေရှည်မတည်တံ့နိုင်တဲ့ စားသုံးမှုတွေနဲ့ ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေ အန္တရာယ်တွေကို ဖြေရှင်းခြင်းတို့ကို ရည်ရွယ်ထောက်ပံ့မယ်လို့ သိရပါတယ်။
အဲဒီအဆိုပြုလွှာထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာစေဖို့အတွက် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင် ကိုက်ညီမှုတွေကို ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဒေသခံလူထု ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ၊ တည်ထောင်ခါစ အဖွဲ့အစည်းအသစ်တွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
CEPF နဲ့ IUCN – အာရှ တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ နောက်ထပ်အဆိုပြုလွှာ ခေါ်ယူခြင်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အင်ဒို-ဘားမား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နယ်မြေအတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ ထံကို CEPF ရဲ့ စတုတ္ထအဆင့် စီမံကိန်း အကောင်အထည်ဖော်မှုအဖြစ် အမေရိကန်ဒေါ်လာ ၃.၉ သန်း ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ်။
အဲဒီပမာဏဟာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ အဆိုပါနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီမယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းအနက် ပထမအသုတ် ထောက်ပံ့ငွေဖြစ်ပါတယ်။
အဆိုပါအဖွဲ့အစည်း ၄၀ ထဲမှာ မြန်မာနိုင်ငံမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA) ပါဝင်ခဲ့ပြီး နိုင်ငံတောင်ပိုင်းရှိ ဇီဝမျိုးစုံမျိုးကွဲ နယ်မြေတစ်ခုဖြစ်တဲ့ ဘုရားတန်ဒေသမှာ ထုံးကျောက်တောင်တန်း ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဒေသခံလူထုနဲ့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ် စတင်ပြီး အင်ဒို-ဘားမား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နယ်မြေအတွင်း အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် တန်ဖိုးရှိတဲ့ ဂရန့်ပေါင်း ၄၀၀ ကျော်ကို ပေးအပ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ရန်၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို ဖြေရှင်းရန်၊ ထိန်းသိမ်းကာကွယ်ရေး နယ်မြေတွေနဲ့ အဆိုပါနယ်မြေတွေ အားကောင်းလာစေရန်၊ ယင်းနယ်မြေတွေ စီမံခန့်ခွဲခြင်းနဲ့ အုပ်ချုပ်ခြင်းလုပ်ငန်းတွေမှာ ဒေသခံလူထုကို ပူးပေါင်းပါဝင်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲတွေကို ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲမှုတွေမှာ ထည့်သွင်းစဉ်းစားရန်နဲ့ ဇီဝမျိုးစုံမျိုးကွဲလုပ်ငန်းတွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးရေးတို့ကို CEPF က လုပ်ဆောင်နေပါတယ်။
CEPF ဟာ l’Agence Française de Développement၊ Conservation International၊ EU ၊ Franklinia ဖောင်ဒေးရှင်း၊ Hans Wilsdorf ဖောင်ဒေးရှင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထောက်ပံ့ရေးအဖွဲ့ (GEF)၊ ကနေဒါအစိုးရ၊ ဂျပန်အစိုးရ၊ Hempel ဖောင်ဒေးရှင်း၊ The Nature Conservancy နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ပူးတွဲဦးဆောင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။












































