တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ Delco ကုမ္ပဏီက တရုတ်နိုင်ငံသား ရာချီနဲ့ အကြီးစားသတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ဖို့ ပြင်ဆင်နေပြီး အဆိုပါစီမံကိန်းကို ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် ပြင်းပြင်းထန်ထန် သတိပေးကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ဩဂုတ်လ ၂၄ ရက်မှာ ကြေညာပါတယ်။
လက်ရှိမှာ Delco ကုမ္ပဏီက စစ်တပ်အသွင်ပြောင်းအစိုးရနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံသား ရာချီကို ခေါ်ဆောင်လာကာ နောက်ထပ် အကြီးစားသတ္တုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကံပေါက်တောင်ပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်နေတာ ၃ လခန့် ရှိပြီလို့ နည်းဗျူဟာ (၃၃) ထံမှ သိရပါတယ်။
ကံပေါက်တောင်မှ ရရှိမယ့် ကျောက်သတ္တုကို အမှုန့်ကြိတ်ဖို့အတွက် MOGE ကနေ သဘာဝဓါတ်ငွေ့ ဝယ်ယူပြီး ဂစ့်ပိုက်လိုင်း သွယ်တန်းကာ Gas (ဂစ့်)တာဘိုင်စက်ရုံ လည်ပတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံသားတွေနဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေ ပါဝင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ရန်ကိုလည်း စီစဉ်နေမှုကို သတင်း ရရှိထားပြီဖြစ်တယ်လို့ နည်းဗျူဟာ (၃၃) ထံမှ သိရပါတယ်။
ကံပေါက်ဒေသရဲ့ တောတောင်သဘာဝအလှတရားတွေ ပျက်စီးခြင်း၊ ဒေသခံလူထုရဲ့ အသက်အိုးအိမ်နဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ပျက်စီးဆုံးရှုံးစေခြင်း၊ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးစေတဲ့ လုပ်ရပ်တွေ ဖြစ်ခြင်းကြောင့် ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် အမှတ် (၈၀၀၂) တပ်ရင်းနဲ့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
“ထိုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် အကျိုးအဆက်များသည် ကုမ္ပဏီ၏ တာဝန်သာဖြစ်ကြောင်း သတိပေး အပ်ပါသည်” လို့ အမှတ် (၈၀၀၂) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီး အခုချိန်အထိ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ စည်းကမ်းမဲ့ လုပ်ဆောင်ခြင်းတွေကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးရတယ်လို့ သိရပါတယ်။
Delco သတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေကြောင့် ရရှိလာတဲ့ ဆိုးကျိုးတွေကို နှစ်ပေါင်းများစွာ ဒေသခံပြည်သူတွေဟာ မြေယာနဲ့ လူနေမှုဘဝတွေ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။












































