Connect with us

Hi, what are you looking for?

သတင်း

အောက်တိုဘာလဆန်းမှာ ဆောင်းခိုငှက်တွေရဲ့ ဟောပြောပွဲနဲ့ ဓါတ်ပုံပြပွဲ ကျင်းပမယ်

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် အမျိုးသားစာကြည့်တိုက်မှာ လာမယ့် အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကမ္ဘာ့ဆောင်းခိုငှက်နေ့ အထိမ်းအမှတ်အနေအဖြစ် ငှက်နဲ့ သဘာဝ ထိန်းသိမ်းရေး ဝါရင့်ကျွမ်းကျင်သူ ၃ ဦးတို့က ဆောင်းခိုငှက်တွေအကြောင်း ဟောပြောမျှဝေပွဲ  ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 အဆိုပါပွဲမှာ ငှက်ဓါတ်ပုံ ပြပွဲကိုလည်း ကျင်းပပြုလုပ်သွားမယ်လို့ Wild Wings Group က ဒီနေ့ စက်တင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

“နှစ်စဉ် အောက်တိုဘာလနှင့် မေလ ဒုတိယပတ် စနေနေ့များကို ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုများကို ကမ္ဘာတဝှမ်း ကျင်းပကြပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှာ ကျရောက်မယ့် ကမ္ဘာ့ဆောင်းခိုငှက်များနေ့ အထိမ်းအမှတ်အနေဖြင့် ငှက်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပဖို့ ရှိပါတယ်” လို့ Wild Wings Group က ဆိုပါတယ်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ နောက်ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံမှာ လာရောက်ကျက်စားတဲ့ ဆောင်းခို ကုန်းငှက်/ ရေငှက်တွေရဲ့ ကျက်စားမှု အခြေအနေ၊ ပျံသန်းလမ်းကြောင်းတွေနဲ့ ဆောင်းခို ကုန်းငှက်၊ ရေငှက်တွေနဲ့ ပတ်သက်လို့ ထိန်းသိမ်းရေဆိုင်ရာ ဗဟုသုတတွေကို ဟောပြောမျှဝေသွားမယ်လို့ သိရပါတယ်။

အဆိုပါ ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ဟောပြောပွဲမှာ ငှက်နဲ့ သဘာဝထိန်းသိမ်းရေး ဝါရင့်ဆရာ၊ ဆရာမတွေဖြစ်တဲ့  ဒေါက်တာသိန်းအောင်၊ ဦးသက်ဇော်နိုင်၊ ဒေါက်တာသီရိဒေဝီအောင်တို့မှ ဟောပြောမျှဝေသွားမယ်လို့ ဆိုပါတယ်။

ဓါတ်ပုံပြပွဲမှာ ငှက်ဓာတ်ပုံ၊ ဗီဒီယို၊ ပိုစတာပြကွက်တွေ ခင်ကျင်းပြသ သွားမှာဖြစ်ပြီး ငှက်ထိန်းသိမ်းရေး ဉာဏ်စမ်းအမေးအဖြေတွေနဲ့ ဆုပေးခြင်း အစီအစဉ်လည်း ပါဝင်သလို ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း အခမဲ့ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။