Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာနိုင်ငံမှာ မြွေမျိုးစိတ်သစ် တစ်မျိုး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၃ ခုမှာ အရင်က မတွေ့ရှိရသေးတဲ့ မြွေဝံပုလွေ မျိုးစိတ်အသစ်ကို တွေ့ရှိပြီး မှတ်တမ်းအသစ်ကို ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

မှတ်တမ်းသစ် တင်နိုင်ခဲ့တဲ့ မြွေမျိုးစိတ်ဟာ လာအိုမြွေဝံပုလွေ (သို့မဟုတ်) အိမ်စောင့်မြွေ Laotian Wolfsnake (Lycodon laoensis) မျိုးစိတ်ဖြစ်တယ်လို့ ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီမျိုးစိတ်ကို အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်း၊ ကမ္ဘောဒီးယား၊ တရုတ်နဲ့ မလေးရှားနိုင်ငံမှာတို့မှာ တွေ့ရှိ မှတ်တမ်းတင်ထားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် အခုမှ နိုင်ငံအဆင့်အနေနဲ့ ပထမဆုံး တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကရင်ပြည်နယ်ထဲက မြို့နယ် ၃ ခုမှာ ၁၀ ကောင်ကျော်၊ ရှမ်းပြည်နယ်ထဲက မြို့နယ် ၂ ခုမှာ ၃ ကောင်နဲ့ တနင်္သာရီတိုင်းထဲက မြို့နယ် ၃ ခုမှာ ၅ ကောင်တို့ကို သုတေသနပြုလုပ်ချက်တွေအရ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

တကမ္ဘာလုံးမှာ မျိုးစု Lycodon အောက်က မြွေဝံပုလွေ မျိုးစိတ်ပေါင်း ၈၁ မျိုးရှိတဲ့အနက် မြန်မာနိုင်ငံမှာ မျိုးစိတ်ပေါင်း ၁၁ မျိုးထိ မှတ်တမ်းတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါမှတ်တမ်းသစ်ဟာ Lycodon Laoensis လာအိုမြွေဝံပုလွေ သို့မဟုတ် အိမ်စောင့်မြွေရဲ့ ပျံ့နှံ့မှုကို သိရှိစေပြီး မြန်မာနိုင်ငံရဲ့ တွားသွား သတ္တဝါတွေ စာရင်းထဲ မျိုးစိတ် တစ်မျိုး၊ ပိုတိုးလာစေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီတွေ့ရှိမှုဟာ မြန်မာမှာ မှတ်တမ်းမတင်ထားရသေးတဲ့ ကုန်းနေရေနေသတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေ အကြောင်းကို ပိုမိုအာရုံစိုက် သုတေသန ပြုလုပ်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြနိုင်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မျိုးစုပေါင်း ၆၆ မျိုးစုရဲ့ အောက်မှာ ခန့်မှန်းခြေ မြွေမျိုးစိတ်ပေါင်း ၁၉၅ မျိုး ရှိတယ်လို့ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး