Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

တနင်္သာရီကြိုးဝိုင်းထဲ ကျား၊ ဆင်အပါအဝင် နို့တိုက်သတ္တဝါး ၆၇ မျိုး ရှင်သန်နေထိုင်

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ရှားပါးတောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျား၊ အာရှဆင်၊ အင်းကျားအပါအဝင် နို့တိုက်သတ္တဝါ ၆၇ မျိုးနဲ့ ငှက်မျိုးစိတ် ၂၄၀ ကျော် ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင် တွေ့ရှိရတယ်လို့ စစ်ကောင်စီရဲ့ သစ်တောဦးစီးဌာနက ဒီနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ရေဖြူမြို့နယ်ထဲ တည်ရှိတဲ့ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာ ထောင်ချောက်တွေ တပ်ဆင်ပြီး ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်း တင်နိုင်ဖို့ နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတွေ ရေရှည်ရှင်သန်ဖွံ့ဖြိုးဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းမှာ မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ အာရှဆင်၊ တောခွေးနဲ့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ သင်းခွေချပ်အပြင် အင်ကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနဲ့ အင်ဒိုချိုင်းနား ကျား စတဲ့ မျိုးစိတ်တွေ ကျက်စားနေထိုင်တယ်လို့ သိရပါတယ်။

မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်တဲ့ ငှက်မျိုးစိတ် ၃ မျိုးနဲ့ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး အန္တရာယ် ရင်ဆိုင်နေရတဲ့ ငှက်မျိုးစိတ် ၁၀ မျိုးအပါအဝင် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါသဘာဝကြိုးဝိုင်းကို တနင်္သာရီတိုင်း မြောက်ပိုင်းဒေသနဲ့ အရှေ့ပိုင်းဒေသရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟ စနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းဖို့ ၂၀၀၅ မတ်လမှာ သတ်မှတ်တည်ထောင်ခဲ့ပါတယ်။

အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉၉၅၂ ဧက နဲ့ ဓါတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးနယ်မြေ ၃၂၁၃ ဧက ဟူ၍ ဇုန်နယ်မြေတွေ သတ်မှတ်ပြီး စီမံအုပ်ချုပ်တယ်လို့ သိရပါတယ်။

သဘာဝအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ဒေသခံအခြေပြုခရီးသွားလုပ်ငန်းတွေအတွက် အလားအလာရှိတဲ့ ထိန်းသိမ်းရေးနယ်မြေဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာလည်း ရှိနေကာ လေ့လာရေးနဲ့ သုတေသန လုပ်ငန်းတွေကိုလည်း အကျိုးပြုနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီ သဘာဝကြိုးဝိုင်း တည်ထောင်မှု နှစ်၂၀ ကာလအတွင်းမှာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း ၃၅ စောင် ထွက်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သစ်တောဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဟာ မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (Mottama Gas Transportation Company- MGTC)၊ တနင်္သာရီပိုက်လိုင်း ကုမ္ပဏီ (Taninthayi Pipeline Company-TPC)နဲ့ အက်ဒမန် ပို့ဆောင်ရေး လီမိတက် (Andaman Transportation Limited-ATL)တို့မှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းခွဲနဲ့ စီမံကိန်းကာလတစ်ခု (၄နှစ်)မှာ အမေရိကန်ဒေါ်လာ (၁.၈ သန်း)နဲ့ နိုင်ငံတော်မှ ထည့်ဝင်ငွေ(In Kind) ကျပ် (၁၅၄)သန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နှစ်ရှည် စီမံကိန်း တစ်ခုဖြစ်ပါတယ်။

ပထမ (၄) နှစ် စီမံကိန်းကို ၂၀၀၅-၀၆ မှ ၂၀၀၈-၀၉ ၊၊ ဒုတိယ (၄)နှစ် စီမံကိန်းကို ၂၀၀၉-၁၀ မှ ၂၀၁၂-၁၃၊ တတိယ(၄) နှစ်စီမံကိန်းကို ၂၀၁၃-၁၄ မှ ၂၀၁၆-၁၇၊ စတုတ္ထ (၄)နှစ် စီမံကိန်းကာလကို ၂၀၁၇-၁၈ မှ ၂၀၂၀-၂၁ အဖြစ် အကောင် အထည် ဖော်နေပြီး ၂၀၀၅- ၂၀၀၆ မှ ၂၀၃၄-၃၅ ခုနှစ်အထိ နှစ် ၃၀ ဆောင်ရွက်မယ့် ရေရှည်စီမံကိန်းဖြစ်တယ်လို့ သစ်တောဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓါတ်ပုံ – သစ်တောဌာနနဲ့ WWF – မြန်မာ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature