Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

သယံဇာတရဲ့ ဘဏ္ဍာငွေကို တော်လှန်ရေးအစိုးရတွေအနေနဲ့ အသွင်းကူးပြောင်းရေးအစိုးရထံ ရှင်းတမ်းနဲ့ စနစ်တကျ တင်ပြရမယ်လို့ NUG ကြေညာ

သယံဇာတမှ ရရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအစိုးရရဲ့ အသုံးစရိတ်နဲ့ လုပ်ငန်းဆောင်ရွက်ချက် တွေကို နောင်လာမယ့် အသွင်ကူးပြောင်းရေးအစိုးရထံသို့ ရှင်းတမ်းနဲ့တကွ စနစ်တကျ ရှင်းလင်းတင်ပြပေးရမယ်လို့ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မေလ ၈ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ (၅/၂၀၂၅) အစည်းအဝေးပွဲမှာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ အဖွဲ့ဥက္ကဌ တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်တာပါ။

သယံဇာတဟာ ပြည်သူအားလုံး ပိုင်ဆိုင်တဲ့ တိုင်းပြည်အမွေအနှစ်ဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါ တော်လှန်ရေးကာလ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တော်လှန်ရေးအစိုးရရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြပြီး ရှင်းတမ်းနဲ့ တကွ ရှင်းလင်းတင်ပြပေးရမယ်လို့ NUG အစိုးရရဲ့ မေလ ၉ ရက် သတင်းထုတ်ပြန်မှာ ဖော်ပြပါတယ်။

အဲဒါကြောင့် အခုချိန်က စပြီး စာရင်းဇယားတွေ သေချာစိစစ်ပြီး မှန်ကန်စေဖို့၊ တာဝန်ယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ ရုံးအဖွဲ့တွေကို အထူးမှာကြားလိုကြောင်း၊ ဒါမှသာ နောက်လာမယ့် အသွင်ကူးပြောင်းရေးအစိုးရကို စနစ်တကျ လွှဲအပ်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

အခုချိန်ဟာ တော်လှန်ရေးကာလအလွန် အကောင်အထည် ဖော်ဆောင်မယ့် ဖက်ဒရယ်သယံဇာတမှုဝါဒ လုပ်ငန်းစဉ်ကို အထောက်အကူ ပြုစေဖို့ ပြည်သူ့ဗဟိုပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထတွေ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်နေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သယံဇာတကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့ မရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြည်ထောင်စုကနေ စီမံခန့်ခွဲရတဲ့ အပိုင်းတွေမှာ တိုင်းအလိုင် အထူးသယံဇာတလုပ်ငန်းအဖွဲ့တွေကို အသီးသီး တာဝန်ပေးအပ်ပြီး ဆောင်ရွက်နေကြတာဖြစ်လို့ အောင်မြင်သင့်သလောက် အောင်မြင်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး လေးနှစ်တာကာလမှာ သယံဇာတလုပ်ငန်းတွေ စီမံဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိ/ မရှိ၊ အစိုးရယန္တရားမှာ ပါဝင်နေသူတွေအနေနဲ့ မူဝါဒကို ဘယ်လောက်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိတယ်၊ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိတယ်၊ ပြည်သူက ဘယ်လောက်အထိ လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်တယ် စတဲ့အချက်တွေကို အမြဲပြုစု သုံးသပ်လို့ ပိုမိုစနစ်ကျစေဖို့ တဆင့်ချင်း တိုးတက်ပြင်ဆင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က လမ်းညွှန်ထားပါတယ်။

သယံဇာတ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြို့နယ်တွေက စီမံခန့်ခွဲတဲ့ အပိုင်းကိုလည်း သက်ဆိုင်ရာ TAB – NR အဖွဲ့တွေက သေချာကြပ်မတ်ကြဖို့ အထူးမှာကြားလိုတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုကလည်း ဝိုင်းဝန်းကြပ်မတ်ပေးရမှာ ဖြစ်သလို လိုအပ်ချက်တွေကိုလည်း ကူညီပံ့ပိုး ဖြည့်ဆည်းပေးကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအစည်းအဝေးကို ယင်းအဖွဲ့ ဥက္ကဌ မန်းဝင်းခိုင်သန်း ၊ ဒုတိယဥက္ကဌနဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်းကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ အတွင်းဝန်တွေ၊ ဝန်းကြီးချုပ်ရုံးမျ အတွင်းဝန်နဲ့ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ အတွင်းရေးမှူးရုံးအဖွဲ့တို့က တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ပြီး ဘယ်လိုအချက်တွေ ချမှတ်ခဲ့တယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၂၄ ခုနှစ်၊ တနှစ်တာအတွင်း သစ်တော/ ပတ်ဝန်းကျင်ကဏ္ဍ နဲ့ သတ္တု/ ကျောက်မျက်ကဏ္ဍတို့က ရရှိတဲ့ လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်း အခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၄၇၂,၁၄၁. ၃၃ နဲ့ ရွှေစင် ၁၆.၉၄ ပိဿ ရရှိခဲ့တယ်လို့ NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စွမ်းအင်ကဏ္ဍဖြစ်တဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်း လုပ်ငန်းတွေမှ အခွန်ဘဏ္ဍာ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကျော်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေး ၄ နှစ်ကျော်လာချိန် နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၆ မြို့ ရှိတယ်လို့ BNI – Myanmar Peace Monitor ရဲ့ သုတေသနပြုချက်တွေက ဖော်ပြထားပါတယ်။

ဓါတ်ပုံများ – NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature