Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြိင်နဲ့ပေါက်အစပ်ရေနံမှော်မှာ ရေနံကျင်းသစ် တူးဖော်ခြင်း မပြုတော့ဟု မြိုင် – PDF ဆို

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်အစပ်က ရေနံမှော်နယ်မြေမှာ ရေနံကျင်းသစ်တွေ တူးဖော်ခြင်း မပြု‌တော့သလို ရေနံလုပ်သားတွေရဲ့ အချက်အလက်တွေကို ပေးရမယ်လို့ မြိုင် – PDF ထံမှ သိရပါတယ်။

မတ်လ ၃ ရက်နေ့ ရက်စွဲနဲ့ ရေနံမှော်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်က အတိုင်းအတာတခုထိ ကာကွယ်ဟန့်တားနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်မှုဖြစ်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်မြေမှာ ရေနံလုပ်ငန်း လုပ်ကိုင်နေတဲ့ မှော်ပိုင်ရှင်တွေ၊ ကျင်းပိုင်ရှင်တွေ၊ စက်ပိုင်ရှင်တွေအနေနဲ့ ရေနံကျင်းသစ်တွေကို ထပ်မံတူးဖော်ခြင်း မပြုတော့ဘူးလို့ ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် လုပ်ကွက်အတွင်းက ရေနံလုပ်သားတွေရဲ့ ကိုယ်ရေအချက်အလက်တွေနဲ့ ဝင်ထွက်သွားလာမှုတွေကို သက်ဆိုင်ရာအဖွဲ့ထံကို သတင်းပေးပို့ရမယ်လို့ ဆိုပါတယ်။

ပေးရမယ့် ကိုယ်ရေးအချက်အလက်တွေထဲမှာ အမည်ရင်း၊ အသက်၊ အဖေအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်၊ မှော်ကို ရောက်ရှိတဲ့ နေ့ရက် တွေဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအရောက် ပေးပို့ရမယ်လို့ မြိုင်- PDF တာဝန်ခံ ဗိုလ်လက်ယာက ဆိုပါတယ်။

ဒီနေ့ မတ်လ ၄ ရက် နံနက် ၁၀ နာရီခန့်ကလည်း မြိုင်မြို့နယ်၊ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ၃ ကြိမ် တိုက်ခိုက်ရာ ဒေသခံ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတချို့ ရှိတယ်လို့သိရပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်တွေက လက်ပံတိုရေနံမှော်အပါအဝင် နေရာ ၈ ခုကို မတ်လ ၃ ရက်က စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်တာကြောင့် ရေနံလုပ်သားတွေအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး